မုံရွာမြို့မှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ် ၂၀ ကျော်ရှိခဲ့

မေ ၊ ၅ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ကနေ အခုလ မေ ၅ ရက်အတွင်း ဓားပြတိုက်လုယက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၂၀ ကျော်ရှိခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” ဓားပြတိုက် လုယက်ခံရတာ အများစုဖြစ်တာက သံလမ်းအရှေ့ဘက် လူနေရပ်ကွက်တွေဖြစ်တယ်၊ သလ္လာ ၊ မြဝတီ ၊ ချမ်းမြဝတီ ၊ ပြည်တော်သာ (အက်တော) ၊ ရတနာပုံ ၊ စတဲ့ ရပ်ကွက်တွေမှာ ဖြစ်တယ် ၊ အိမ်တွေထဲကိုဝင်တိုက်တာ ၊ တိုက်တဲ့သူတွေက ကားနဲ့လာပြီး သေနတ်အရှည်တွေရော ၊အတိုတွေပါကိုင်ထားတယ်”လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဓားပြတိုက်ခံထားရတဲ့ ချမ်းမြဝတီရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။

မုံရွာမြို့ပေါ် ဓားပြတိုက် လုယက်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မြို့ခံတစ်ယောက်က ” သင်္ကြန်ပြီးမှ တိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၂၀ ကျော်ရှိမယ် ၊ မုံရွာတောင် ၊ မြို့ဝင် ၊ အေးသာယာ ၊ နန္ဒဝန် ၊ စက်မှုဇုန် ၊ ချမ်းမြဝတီ ၊ သလ္လာ ၊ မြဝတီ ၊ ရတနာပုံ ၊ အက်တော စတဲ့ ရပ်ကွက်တွေထဲက တရားမဝင် လောင်းကစားလုပ်တဲ့ ဒိုင်အိမ်တွေ တိုက်ခံရတာဖြစ်တယ် ၊ အဲ့ဒီအပြင် လုယက်ခံရတာတွေလည်း ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားတယ်လို့တော့ ကြားရတာတွေရှိတယ် ၊ နစ်နာသူ ကာယကံရှင်တွေကိုယ်တိုင်က ရဲစခန်းကိုလာပြီး တရားဝင် တိုင်တန်းအမှုဖွင့်တာမျိုး မရှိဘူး ၊ တရားဝင် တိုင်တန်းအမှုဖွင့်ထားတာ ပြီးခဲ့တဲ့ နှစ်ထဲက လေး၊ငါးမှုရှိတယ် ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ က မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ မြို့လယ်မီးပွိုင့်နားက သိန်းတရာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ ပိသာကျော်ပါသွားခဲ့ပါသေးတယ်။

ဒါ့အပြင် စတိုးဆိုင် ၊ ငါးဂိမ်း လောင်းကစားရုံ ၊ ကုန်စုံဆိုင်တွေလည်း ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW