မုန်တိုင်းအချက်ပေး ခေါင်းလောင်းသံ

SN (VOM)

မြန်မာနိုင်ငံမှာ မုန်တိုင်းရာသီ (၂)ချိန်ရှိပြီး မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မေလလယ်အထိနဲ့ မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိပြီး ကနဦးမှာ အနောက် (သို့မဟုတ်) အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားတတ်ကာ တစ်ခါတရံမှာတော့ မြောက် (သို့မဟုတ်) အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲ ရွေ့လျားတတ်တယ်လို့ သိရပါတယ်။ အခုလို ရွေ့လျားမှုဟာ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

မုတ်သုံလေ ရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တွေ ဖြစ်ပေါ် တတ်ပြီး မိုးကြိုရာသီနဲ့ မိုးလွန်ရာသီတွေမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေဟာ အဖျက်စွမ်းအားများပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်စေတတ်တယ်လို့ သိရပါတယ်။

မုန်တိုင်းတွေရဲ့ အရေးပါလှတဲ့ အဖျက်စွမ်းအား (၃) မျိုးကတော့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနဲ့ မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းဖြတ်ကျော်ရင် ဖြတ်ကျော်လာတဲ့ မုန်တိုင်းရဲ့ အင်အားနဲ့ အရွယ်အစားပေါ် အဓိကမူတည်ပြီး အများဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် (၁၂၀) ကနေ (၁၃၀) အထိ ရှိတတ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ပူနေတဲ့နေရာတွေ မိုးရနိုင်၊ တချို့နေရာတွေမှာတော့ မိုးကြီးနိုင်၊ တချို့နေရာတွေမှာတော့ အန္တရာယ်ရှိနိုင်တဲ့ မုန်တိုင်းကြီးအဆင့်အထိ ဖြစ်သွားနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခုဟာ လာမယ့် မေလ ၈ ရက်၊ ၉ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ စတင်ဖြစ်ပေါ်လာတော့မှာဖြစ်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောဆိုထားပါတယ်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မေလ ၈ ရက်နေ့မှာဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းက မေလ ၁၁ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လာပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်လာနိုင်တယ်လို့ သိရပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ အဲ့ဒီမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် Andaman Island ကျွန်းစုအနီး မေလ ၉၊ ၁၀၊ ၁၁ ရက်နေ့တွေမှာ အဖျက်စွမ်းအားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်လုံး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

မိုချာလို့ အမည်ရတဲ့ အဲ့ဒီမုန်တိုင်းဟာ မေလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း ဧရာဝတီကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ရောက်ရှိလာနိုင်ပြီး ရေလှိုင်းအမြင့် ၃၂ ပေကနေ ပေ ၄၀ အထိ ရှိနိုင်ကာ တစ်နာရီလေတိုက်နှုန်းကတော့ မိုင် ၉၀ ကနေ ၁၂၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

“မုန်တိုင်းကြောင့် မေလ ၁၂ ရက် ညပိုင်းနဲ့ ၁၃ ရက်နေ့တွေမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ မိုးများရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း မိုးကြီးရေလျှံနိုင်ပါတယ်။ မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်၊ ရခိုင်ရိုးမကိုမြစ်ဖျားခံတဲ့ ချောင်းတွေကနေ ရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာနိုင်တဲ့အတွက် အဲ့ဒီဒေသရှိ ဆည်တမံတူးမြောင်းတွေ ကြံ့ခိုင်မှုရှိအောင် ကြိုတင်စီမံခန့်ခွဲ လုပ်ဆောင်ထားကြပါ”လို့ မိုးလေဝသခန့်မှန်းသူ ဒေါ်စုစုစံက သတိပေး ပြောကြားထားပါတယ်။

မုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုး တန်းဒေသတွေ အပါအဝင် နိုင်ငံတဝန်း မိုးရွာသွန်းမှုများနိုင်ပြီး အိန္ဒိယဘက်ကို ဦးတည်မယ်ဆိုရင်တော့ မိုးရွာသွန်းမှု နည်းနိုင်တယ်လို့ သိရပါတယ်။

“Global Forecast System (GFS) မိုဒယ်လမ်းကြောင်းအတိုင်း သွားရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ မုန်တိုင်းရဲ့အရှိန်သက်ရောက်မှုကိုခံရမယ်။ European Centre for Medium-Range Weather Forecasts (ECMWF) လမ်းကြောင်းအတိုင်းသွားရင်တော့ ဟိုး တနင်္သာရီကနေပြီးတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကတော့ နောက်ဆုံးပေါ့။ သူက ပြည်အထိတောင်မရောက်ဘူး။ မရောက်ဘဲနဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့တောင်ဘက်ကို ရောက်သွားပြီး အဲ့ဒီမှာ အားပျော့လမ်းဆုံးသွားမှာပါ” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ဒါပေမယ့် အခုအချိန်ဟာ မုန်တိုင်း အစပျိုးခြင်း မရှိသေးတဲ့အတွက် ခန့်မှန်းချက်တွေအားလုံးဟာ တိုင်းထွာတဲ့အချိန်၊ အသုံးပြုတဲ့ အချက်အလက်နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်လ်တို့အပေါ်မူတည်ပြီး မုန်တိုင်းရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် မိုချာမုန်တိုင်းဖြစ်လာမယ့်ရက်ဟာ နီးလာပြီဖြစ်သလို လမ်းကြောင်းထုတ်ပြန်မှုတွေဟာလည်း အနီးစပ်ဆုံးတွေ ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။

“ဒီနေ့ အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်ချက်မှာဆိုရင်လည်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရဲ့ အထက်လေထုအလွှာ (Troposphere) မှာ အထက်လေဝဲစီးကြောင်း စဖြစ်နေပြီလို့ ထုတ်ပြန်လာတယ်။ အဲ့ဒီ့ အထက်လေဝဲစီးကြောင်းက မေလ ၈ ရက်နေ့မှာ လေဖိအားနည်ရပ်ဝန်း စတင်ဖြစ်ပေါ်လာမယ်လို့ ပြောထားပါတယ်။ ဒါ့ကြောင့် အစပျိုးနေပြီလို့ ပြောလို့ရတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ECMWF ရဲ့ နောက်ဆုံး ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်းဟာ မေလ ၉ ရက်နေ့ မနက် ၁၁ နာရီက စတင်ပြီး ဖြစ်ပေါ်မယ်လို့ သိရပါတယ်။ လေဖိအားနည်းရပ်ဝန်း စဖြစ်မယ့်နေရာဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် ဆက်စပ်တဲ့နေရာဖြစ်တဲ့အတွက် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းအဖြစ် သတ်မှတ်လို့ရတယ်လို့ သိရပါတယ်။

အဲ့ဒီကနေတစ်ဆင့် လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်ကို ဆက်တက်ပြီး မေလ ၁၀ ရက်၊ ညနေ ၅ နာရီမှာ အက်ဒမန်ကျွန်းစုနားမှာ ကပ်ပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် စတင် ဖြစ်ပေါ်မယ်လို့ သိရပါတယ်။ မုန်တိုင်းငယ်ဟာ မြောက်ဘက်ကိုပဲ ဆက်တက်သွားမှာဖြစ်ပြီး မေလ ၁၁ ရက်၊ မနက် ၈ နာရီမှာ ကိုကိုးကျွန်းရဲ့အနောက်တောင်ဘက် မိုင် ၁၀၀ နီးပါးခန့်အရောက်မှာ ဆိုင်ကလုန်းမုန်တိုင်း စဖြစ်မယ်လို့ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ အဲ့ဒီ့ကနေပြီး မြောက်ဘက်ကိုပဲ ဆက်လက် တက်သွားမှာဖြစ်ပြီး မေလ ၁၂ ရက်၊ မနက် ၁၀ နာရီမှာ ကိုကိုးကျွန်းရဲ့အနောက်ဘက် မိုင် ၈၀၊ ၁၀၀ ပတ်ဝန်းကျင်ခန့် ရောက်တဲ့အခါ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်၊ ညနေ ၆ နာရီလောက်မှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မော်တင်စွန်းဘေးကနေ ဧရာဝတီအနောက် ဘက်ကမ်းရိုးတန်းနားကနေ ဆက်လက် ဖြတ်ကျော်မယ်လို့ သိရပါတယ်။ အဲ့ဒီ့အချိန်မှာ မိုင် ၁၀၀ ကျော်တဲ့ လေတိုက်နှုန်းနဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီလို့ သိရပါတယ်။

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ သံတွဲမြို့နားကနေပြီး ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကာ ကုန်းတွင်းမုန်တိုင်းအနေနဲ့ အရှေ့၊ အရှေ့မြောက်ဘက် နေပြည်တော်ဘက်ကနေချိုးသွားပြီး ၁၄ ရက်နေ့၊ မနက် ၆ နာရီခွဲလောက်မှာ ရှမ်းပြည်နယ် အနောက်ပိုင်းအပေါ်ကိုရောက်ချိန် အားပျော့ပျက်ပြယ်သွားမှာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ခန့်မှန်းအချိန်တွေကထက် ပိုစောသွားတယ်လို့ သူက ပြောပါတယ်။

“ခန့်မှန်းချက်တွေအရကတော့ မေလ ၁၂ ရက်ညပိုင်းမှာ ကိုကိုးကျွန်းကို စပြီးတော့ လေပြင်းတိုက်ခံရမယ်။ မိုင် ၁၀၀ ကျော်လောက်ဖြစ်မယ်။ အဲ့ဒီအချိန်မှာ ဧရာဝတီတိုင်း အနောက်ဘက်အစွန်း မော်တင်စွန်း၊ ပုသိမ်၊ ညောင်တုန်းတို့အထိမှာလည်း လေပြင်းတိုက်ခံရတာစမယ်။ သို့သော် ကိုကိုးကျွန်းမှာ တိုက်သလောက်တော့ မပြင်းသေးဘူး။ ဒါပေမယ့် ၁၃ ရက်နေ့၊ မနက် ၆ နာရီခွဲလောက် ကျရင်တော့ ခုဏ ဧရာဝတီတိုင်း အနောက်ဘက်အခြမ်းတစ်ခြမ်းလုံးမှာ မုန်တိုင်းလေပြင်းက မိုင် ၈၀ ကနေ ၁၀၀ လောက်ထိ စတိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ မုန်တိုင်းက အဲ့ဒီအချိန်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီကိုး။ အဲ့ဒီကနေပြီးတော့ မေလ ၁၃ ရက် ညနေ ၆ နာရီလောက်မှာ ရခိုင်ကမ်းရိုးတန်းကိုဖြတ်ပြီး သံတွဲဘက်ဝင်တဲ့အချိန်မှာလည်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ပဲ ဝင်မယ်။ တစ်နာရီ မိုင် ၁၀၀ ကျော်နဲ့ပဲ။ ဝင်တဲ့ အချိန်မှာ မုန်တိုင်းရဲ့ ညာဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းဖြစ်နေတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတစ်ခုလုံး၊ ပဲခူးတိုင်းတစ်ခုလုံး အဲ့ဒါတွေက မုန်တိုင်းလေပြင်းတိုက်တဲ့ဒဏ်ကို တော်တော်ပြင်းပြင်းထန်ထန် ခံရနိုင်တယ်”လို့ သူက ပြောပါတယ်။

မေလ ၁၄ ရက်၊ မနက် ၁၂ နာရီခွဲမှာတော့ အရှေ့၊ အရှေ့မြောက်ဘက်ကို ဆက်လက်ရောက်ရှိသွားနိုင်ပြီး ကုန်းတွင်းမုန်တိုင်းအနေနဲ့ ပြည်၊ တောင်ငူ၊ နေပြည်တော်တို့ကို ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

“၁၄ ရက်နေ့၊ မနက် ၆ နာရီခွဲလောက်က စတင်ပြီး ကုန်းတွင်းလေဖိအားနည်းအနေအထားကို ကျသွားနိုင်ချေရှိတယ်။ အဲ့ဒီလိုကျသွားရင် ရှမ်းပြည်နယ်မှာ လေပြင်းတော့ ဒီလောက်မဆိုးတော့ဘူး။ ဒါပေမယ့် မိုးသည်းထန်တဲ့အနေအထားမျိုးတော့ ဖြစ်မယ်။ ပြောရမယ်ဆိုရင်တော့ မေလ ၁၁ ရက်၊ မနက် ၅ နာရီကစပြီး မုန်တိုင်း အားပျော့ ပျက်ပြယ်သွားချိန်အထိ ကချင်ပြည်နယ်ကလွဲရင် ကျန်တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်နိုင်ပါတယ်” လို့ သူက ခန့်မှန်းထားပါတယ်။

ကုန်းတွင်းလေပြင်းကတော့ အများဆုံး တစ်နာရီ မိုင် ၇၀ ခန့်သာ တိုက်ခတ်နိုင်ပြီး ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ မိုးအများဆုံး ၂၀ လက်မအထိ ရွာသွန်းနိုင်ကာ ကျန်ဒေသတွေကတော့ အနည်းဆုံး ၃ လက်မ ကနေ ၇ လက်မအထိ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

“ဒီမုန်တိုင်းအရှိန်ကြောင့် ၁၅ ရက်ကျော်တဲ့ထိ မိုးရွာနေမယ်။ မုတ်သုန်လေကလည်း နောက်ကလိုက်လာ နိုင်တယ်။ ဘာလို့လဲဆိုတော့ အခု Pressure pattern တွေက အနောက်တောင်မုတ်သုံလေ ဝင်မယ့်ပုံစံကို ပြောင်းသွားတယ်။ ဆိုတော့ မိုးက ကြားထဲမှာ တအားမရပ်နိုင်တော့ဘူး။ ဆက်တိုက်ဝင်လာမှာပဲ” လို့ သူက ပြောပါတယ်။

မုန်တိုင်းအဆင့် သတ်မှတ်ခြင်းအနေနဲ့ တစ်နာရီလေတိုက်နှုန်း လေဖိအားနည်းရပ်ဝန်း (၃၂) မိုင်အောက်၊ မုန်တိုင်းငယ် (၃၂) မိုင် မှ (၃၈) မိုင်၊ ဆိုင်ကလုန်းမုန်တိုင်း (၃၉) မိုင်မှ (၅၄) မိုင်၊ ဆိုင်ကလုန်းမုန်တိုင်းကြီး (၅၅) မိုင် မှ (၇၂) မိုင်၊ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (၇၃) မိုင်နဲ့အထက်ဆိုပြီး သတ်မှတ်ထားပါတယ်။

မုန်တိုင်းအင်အားနဲ့ ဦးတည်ရာအလိုက် အရောင်သတ်မှတ်ခြင်းအနေနဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အပူပိုင်းမုန်တိုင်း စတင်ဖြစ်ပေါ်တဲ့ အချိန်အခါကို “အဝါရောင်” အခြေအနေ၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပြင်လယ်ပြင်တို့မှာ အပူပိုင်းမုန်တိုင်း စတင် ဖြစ်ပေါ်ပြီးနောက် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားလာမယ့် အချိန်အခါကို “လိမ္မော်ရောင်” အရေးပေါ်အခြေအနေလို့ သတ်မှတ်ထားပါတယ်။

မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ (၁၂) နာရီအလိုကို “အနီရောင်” အရေးပေါ်အခြေအနေလို့ သတ်မှတ်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ချိန်ကိုတော့ “အညိုရောင်” အရေးပေါ် အခြေအနေလို့ သတ်မှတ်ထားကာ မုန်တိုင်းအားပျော့ပြီး မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားချိန်ကိုတော့ “အစိမ်းရောင်” အခြေအနေလို့ သတ်မှတ်ထားပါတယ်။

ကြိုတင်ပြင်ဆင်မှုအနေနဲ့ မုန်တိုင်းရာသီမကျရောက်မီ မိုးလေဝသသတင်းတွေကို ဂရုစိုက်နားထောင်ဖို့၊ မိမိနဲ့အနီးဆုံးတည်ရှိတဲ့ မုန်တိုင်းခို အဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိဖို့နဲ့ အဲ့ဒီ့နေရာသို့ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ အမြန်ဆုံးရောက်ရှိနိုင်မယ့် လမ်းကြောင်းကို ကြိုတင်ရှာဖွေထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ကောလဟာလသတင်းတွေကို နားမထောင်မိဖို့၊ အရေးကြီးပစ္စည်းတွေပါဝင်တဲ့ အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့် ကြိုတင်ပြင်ဆင်ထားဖို့၊ မိမိအိမ်အား သေချာစွာစစ်ဆေးပြီး ခိုင်ခန့်မှုမရှိတာတွေကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားဖို့၊ အိမ်၊ ခြံဝင်းအတွင်း ကျိုးပဲ့နိုင်တဲ့ အကိုင်း၊ အခက်လက်တွေကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

မိမိအရပ်ဒေသဟာ မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်တဲ့ ဒေသဖြစ်ရင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စတဲ့ ပုန်းခိုနိုင်ဖို့နေရာကို ကြိုတင်ရှာဖွေ သတ်မှတ်ထားရမှာဖြစ်ပြီး အရေးပေါ်ဆက်သွယ်ရမယ့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက် ရရှိနိုင်မယ့် အဖွဲ့တွေရဲ့ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိဖို့အပြင် အစာအခြောက်တွေ၊ အရေးပေါ်ဆေးဝါးတွေ၊ သင့်လျော်တဲ့ အကာအကွယ်ပစ္စည်းတွေကို စုဆောင်းထားဖို့နဲ့ အရေးပေါ်ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်းလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

မုန်တိုင်းတိုက်ခတ်လာတဲ့အခါ လျှပ်စစ်မီးတွေ၊ ဓါတ်ငွေ့ပိုက်လိုင်းတွေအားလုံးကို ဆက်သွယ်မှုတွေ ဖြတ်တောက်ပစ်ရမှာဖြစ်ပြီး လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်တဲ့ အနေအထားရှိရင်လည်း ခိုင်ခံ့တဲ့စားပွဲ၊ ကုတင်တွေရဲ့အောက်မှာ ခိုလှုံနေထိုင်ဖို့နဲ့ ခိုင်ခံ့မြဲမြံတဲ့တိုင်တစ်ခုကို တွယ်ဖက်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဆိုးဝါးပြင်းထန်တဲ့ အခြေအနေကို ဖော်ပြထားတဲ့ မုန်တိုင်းသတိပေးချက်တွေ ရရှိလာတဲ့အခါမှာလည်း ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းခြင်းမျိုးကို ရှောင်ရှားရမှာဖြစ်ကာ မုန်တိုင်းခို အဆောက်အဦတွေဆီကို အမြန်ဆုံးပြောင်းရွှေ့ ခိုလှုံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးသတင်းထုတ်ပြန်ချက်တွေကိုလည်း ရေဒီယိုနဲ့ အဆက်မပြတ် ဖမ်းယူနားထောင်နေရမှာပါ။

သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ် ကင်းရှင်းကြောင်း ကြေညာချက်ထုတ်ပြန်တဲ့အထိ အန္တရာယ်ကင်းတဲ့နေရာမှာ စောင့်ဆိုင်း‌နေရမှာဖြစ်ပြီး မုန်တိုင်းကျရောက်ချိန် ကားမောင်းနေရင်လည်း ကားကိုရပ်တန့်ထားရမှာဖြစ်ကာ ပင်လယ်ပြင်မှ ကွာလှမ်းတဲ့နေရာ၊ သစ်ပင်ကြီးတွေ၊ လျှပ်စစ်ပါဝါလိုင်းတွေ၊ ရေလှောင်ကန်တွေနဲ့ ဝေးကွာပါက ကားအတွင်းမှာပဲ နေရမှာဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းကျရောက်ပြီးတဲ့အခါမှာလည်း သက်ဆိုင်ရာက မုန်တိုင်းအန္တရာယ် ကင်းရှင်းပြီဖြစ်ကြောင်း မကြေညာမချင်း အပြင်မထွက်ဖို့၊ ဓါတ်ငွေ့တွေ ယိုစိမ့်မှု ရှိ၊မရှိ စစ်ဆေးဖို့၊ ရေစိုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုဖို့လည်း လိုအပ်ပါသေးတယ်။

သက်ဆိုင်ရာက ကြေညာပေးမယ့်သတင်းနဲ့ အကြံပြုချက်တွေကို ဂရုစိုက်နားထောင်ရမှာဖြစ်ပြီး မိမိကို ကယ်ဆယ်ဆောင်ရွက်ပေးဖို့ လိုအပ်ရင် စောစီးစွာ ဆောင်ရွက်နိုင်ဖို့ မိမိအိမ်ကို သက်ဆိုင်ရာက အကြံမပြုမခြင်း ဆန္ဒစောပြီးမပြန်ဖို့ လိုအပ်သလို ပြန်ပါကလည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းမှသာ ပြန်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ကုန်းလမ်းခရီးသွားရတဲ့အခါ မြွေအန္တရာယ် အထူးသတိထားဖို့ လိုအပ်ပြီး လမ်းဘေးမှာပြတ်ကျနေတဲ့ လျှပ်စစ်ကြိုးတွေကို မကိုင်မိ၊ မထိမိအောင်လည်း သတိပြုရမှာဖြစ်ကာ နီးစပ်ရာ လျှပ်စစ်ရုံးကို အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မီးဘေးအန္တရာယ်သတိပြုဖို့၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ သတိပြုဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။

မုန်တိုင်းတစ်ခုရဲ့ အဖျက်စွမ်းအား အကြီးမားဆုံးအပိုင်းဟာ မုန်တိုင်းဦးတည်ရာသို့ မျက်နှာမူပါက ဗဟိုချက်ရဲ့ လက်ယာဘက်ဖြစ်တဲ့အတွက် မုန်တိုင်းဒီရေသည်လည်း ဗဟိုချက်ရဲ့ လက်ယာဘက်တွင်သာ အမြဲဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။

အကယ်၍ မုန်တိုင်းဝင်ရောက်ရာဒေသဟာ ရေတိမ်ဒေသဖြစ်ခြင်း၊ ပင်လယ်အော်အဝဘက်သို့ ကျဉ်းမြောင်းသော အနေအထားရှိခြင်း၊ ရေထချိန်ဖြစ်ခြင်း၊ လူနေထူထပ်သောဒေသဖြစ်ခြင်း၊ မုန်တိုင်းသည် ကမ်းရိုးတန်းကို ထောင့်မှန်ကျ အနေအထားဖြင့် ဖြတ်ကျော်ဝင်ရောက်ခြင်း၊ မြစ်လက်တက်များရာ ဒေသဖြစ်ခြင်း စတဲ့ အချက်တွေကြောင့် မုန်တိုင်းဒီရေ မြင့်မားတတ်ပြီး အသေအပျောက်၊ အပျက်အစီး ပိုမိုကြီးမားတတ်ပါတယ်။ အထူးသဖြင့် လပြည့်၊ လကွယ်နေ့ ရေထရက်တွေမှာ မုန်တိုင်းဝင်ရောက်ပါက မုန်တိုင်းဒီရေ အမြင့်ဆုံးကို ဖြစ်ပေါ်စေတတ်လို့ သိရပါတယ်။

မေလမှ ဇွန်လကုန်အထိ ကာလဟာ မြန်မာနိုင်ငံအတွင်းကို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်တဲ့ မိုးဦးကာလဖြစ်ပြီး ဒီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း လေးကြိမ် ဖြစ်ပေါ်နိုင်ကာ နှစ်ကြိမ်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသ လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလ ၂၀၀၈ ခုနှစ်၊ မေလ၂ ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံခဲ့ကြရပြီး ဖြစ်ပါတယ်။

လေတိုက်နှုန်း ၁ နာရီလျှင်၂၁၅ ကီလိုမီတာအထိ တိုက်ခတ်ခဲ့ကာ ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်၊ မြောင်းမြ၊ ပုသိမ်၊ ဝါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လက်၊ ပန်းတနော် စတဲ့ ဒေသတွေနဲ့ ရန်ကုန်တိုင်းအတွင်းကိုပါ အင်အားပြင်းစွာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ရာအဆောက်အအုံပေါင်း ၇ သိန်းခွဲကျော် ပျက်စီးခဲ့ရကာ ကျွဲနွားတိစ္ဆာန်များစွာလည်း သေဆုံးခဲ့ရပါတယ်။ နာဂစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေအနက် ပျက်စီးဆုံးရှုံးမှု အများဆုံး မုန်တိုင်းတစ်ခုအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် မိသားစုလိုက် သေဆုံးရပြီး ဆွေမျိုးသားချင်း ၂၀၊ ၃၀ ကျော် ဆုံးရှုံးရသူများလည်းရှိသလို ရွာလုံးကျွတ် ပျက်စီးတဲ့အပြင် ကျေးရွာလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းအထိ အသက်ဆုံးရှုံးခဲ့ရမှု ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်ပြီး အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်သွားနိုင်တဲ့ အဖျက်စွမ်းအားပြင်း မိုချာမုန်တိုင်း ဖြစ်လာမယ့်ရက်ဟာ တဖြည်းဖြည်း နီးကပ်လို့လာနေပါပြီ။ ဒီမုန်တိုင်းနဲ့ပတ်သက်လို့ ပြည်သူတွေ မပေါ့ဆကြဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသခန့်မှန်းသူတွေက အသိပေးချက်တွေ အသီးသီး ထုတ်ပြန်နေကြပါတယ်။

ကိုဗစ်ရောဂါကပ်ဆိုးနဲ့ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု လှိုင်းလေသံကြားမှာ ထိတ်လန့်နေရဆဲ မြန်မာပြည်သူတွေအဖို့ ပျက်ယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်၊ ဖောက်ပြန်လာတဲ့ ရာသီဥတုဒဏ်တွေကြားမှာ “မိုချာ” မုန်တိုင်းဒဏ်ကို အန်တုကျော်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း….။ ။

#voiceofmyanmar #VOM #မုန်တိုင်းအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW