ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ ဦးဆောင်၊ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အတိုက်အခံပါတွေနဲ့ ညှိနှိုင်းနေ

ဘန်ကောက်၊ မေ-၁၅-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ Move Forward ပါတီဟာ ရွေးကောက်ပွဲမှာ ဦးဆောင်နေပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အတိုက်အခံပါတီငါးခုနဲ ဆက်သွယ်ညှိနှိုင်းနေပါတယ်။

လက်ရှိရွေးကောက်ပွဲရလဒ်ကို ၀င်ရောက်စွက်ဖက်ပြောင်းလဲဖို့ ကြိုးပမ်းမှုမှန်သမျှ တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ Move Forward ရဲ့ ၀န်ကြီးချုပ်လောင်းဖြစ်သူ ပီတာလင်ဂျာရိုရက်က သတိပေးပြောဆိုပါတယ်။

မေ ၁၄ ရက်ရွေးကောက်ပွဲမှာ ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ပီတာလင်ဂျာရိုရက်က ဒုတိယလူကြိုက်အများဆုံး ဖြူထိုင်းပါတီနဲ့ မဟာမိတ်ဖွဲ့ဖို့အဆိုပြုထားပြီး အမတ်နေရာ ၃၀၉ နေရာနဲ့ ၀န်ကြီးချုပ်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ဆန္ဒမဲ ၉၈ ရာခိုင်နှုန်းထိ ရေတွက်ပြီးချိန်မှာတော့ Move Forward ပါတီဟာ အမတ်နေရာ ၁၅၀ ကျော်နဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့နဲ့ဆက်နွယ်နေတဲ့ အကြီးဆုံးအတိုက်အခံ ဖြူထိုင်းပါတီကတော့ အမတ်နေရာ ၁၄၀ ကျော်ရဖွယ်ရှိနေပါတယ်။

လက်ရှိ၀န်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ချန်အိုချာ၀င်ရောက်ယှဉ်ပြိုင်တဲ့ United Thai Nation ပါတီကတော့ အမတ်နေရာ ၃၆ နေရာသာရရှိနေပြီး လက်ရှိရွေးကောက်ပွဲရလဒ်တွေဟာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အစိုးရကို မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကျဆင်းနေမှုကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ၀န်ကြီးချုပ်သစ်ကို ပါလီမန်အမတ် ၅၀၀ ပါ၀င်တဲ့ အောက်လွှတ်တော်နဲ့ စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်တို့ပူးပေါင်းမဲခွဲခန့်အပ်မှာဖြစ်တဲ့အတွက် အစိုးရအပြောင်းအခဲအပါ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: BBC/NHK
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW