ဆင်ဖြူကျွန်း ရေနစ်မြုတ်မှုမှာ အမေကိုကယ်ရင်းရေစီးနဲ့ပျောက်ဆုံးနေတဲ့ သမီးကိုလည်း သေဆုံးလျက်တွေ့၊ ဆင်ဖြူကျွန်းမှာ သေဆုံးသူ ၃ ဦးအထိရှိလာ

မေ ၁၅ – ၂၀၂၃
GG (VOM)

မကွေးတိုင်း၊ ဆင်ဖြူကျွန်း ၊ ရေကြီးရေလျှံရေနစ်မြုတ်မှုမှာ ရေစီးနဲ့မျောပါသွားတဲ့ သားအမိ နှစ်ယောက်ထဲက ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို ဒီနေ့ မေလ ၁၅ ရက်နေ့ညနေပိုင်းမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူ အသက် ၄၄ နှစ် အရွယ် ဒေါ်ယဉ်မင်းစိုးကို ဒီနေ့ ညနေပိုင်း ဆင်ဖြူကျွန်းနဲ့အလှမ်းဝေးတဲ့ ဧရာဝတီမြစ်နားက စမ်းတွင်းကျွန်းမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူ အသက် ၇၀ အရွယ် ဒေါ်အေးသန်းရဲ့ ရုပ်အလောင်းကို ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ရတာဖြစ် တယ်လို့သိရပါတယ်။

” ဟုတ်ပါတယ် သမီးဖြစ်သူကို အခုညနေ တွေ့ပါတယ်။အသက်တော့မရှိတော့ပါဘူး။ပြန်တွေ့တာက ဆင်ဖြူကျွန်း နဲ့ နည်းနည်းလှမ်းပါတယ်။ဒေသခံတွေကပဲ အလောင်းကို သွားပြီး သယ်ကာ ဆေးရုံကိုပို့လိုက်တယ်။တာဝန်ရှိသူတွေစစ်ဆေးပြီး အလောင်းကိုအိမ်ပြန်သယ်ဖို့လုပ်နေပါတယ်။ မနက်ဖန်မှာသဂြိုလ်ဖို့စီစဥ်ထားပါတယ် “လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

အဲ့ဒီ သားအမိနှစ်ယောက်ဟာ မနေ့ မေလ ၁၄ ရက်နေ့က စလင်းချောင်း ရေလျှံပြီး ရေတအားတက်လာချိန် သားအမိနှစ်ယောက်ဟာ ပစ္စည်းတွေ ရွှေ့ပြောင်းရာကနေ အမေဖြစ်သူ ရေစီးနဲ့မျှောပါတာကို သမီးဖြစ်သူက ကယ်ရင်း အမေရော သမီးဖြစ်သူပါ ရေစီးနဲ့မျှောပါပြီး သေဆုံးခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။

နောက်ပြီး မေလ ၁၄ ရက်နေ့ကပဲ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာမှာလည်း အသက် ၂၂ အရွယ် ကိုရှိုင်းဆိုတဲ့ အမျိုးသားတစ်ဦး မိခင်ဖြစ်သူရဲ့ စျေးဆိုင်က ပစ္စည်းတွေကို ကူညီရွှေပြောင်းပေးရင်းကနေ ရေစီးနဲ့မျှောပါကာ သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

အလားတူ မနေ့က ဆင်ဖြူကျွန်းရေကြီးမှုမှာ နောက်ထပ်သားအမိနှစ်ယောက်လည်း ပျောက်ဆုံးခဲ့ပေမယ့် သူတို့ကိုတော့အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

မနေ့က ဆင်ဖြူကျွန်းမြို့ ရေကြီးရေလျှံမှူဖြစ်စဥ်မှာ ဆင်ဖြူကျွန်းမြို့နယ်ထဲက ကျီးသိုက်ကျေးရွာ ၊နောင်တော်ကြီးကျေးရွာ ၊ကညှပ်ကျေးရွာ ၊ပေါင်းဆည်ကျေးရွာ ၊ယမ်းဘိုကုန်းရွာ ၊နွယ်တမယ်ကျေးရွာ၊ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့သိရပါတယ်။

ရေနစ်မြုပ်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့သလို သိုလှောင်ထားတဲ့ စပါးတွေ၊ ကျွဲ၊နွား၊ စက်ပစ္စည်းတွေ ၊ နေအိမ်မှာရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေ လည်း ပျက်စီးဆုံးရှူံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ဒီနေ့ မေလ ၁၅ ရက်နေ့မှာတော့ ဆင်ဖြူကျွန်းမြို့နယ်မှာ ရေကျသွားပြီဖြစ်တာကြောင့် ရေနစ်မြုပ်ခံခဲ့ရတဲ့ ဒေသခံတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်း အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆင်ဖြူကျွန်း #ရေစီးနဲ့မျောပါသွားသူ #သေဆုံးလျက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW