မိုခါမုန်တိုင်းကြောင့် ရသေ့တောင်နဲ့ စစ်တွေမှာ သေဆုံးသူ ၂၀ နီးပါးခန့်ရှိတယ်လို့ ထပ်မံ သိရှိရ

မေ ၁၆ – ၂၀၂၃
SN (VOM)

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်နဲ့ စစ်တွေမှာ သေဆုံးသူ ၂၀ နီးပါးခန့်ရှိတယ်လို့ ဒေသခံ ကယ်ဆယ်ရေးအသင်းအဖွဲ့‌တွေဆီက ထပ်မံ သိရှိရပါတယ်။

အဲ့ဒီ သေဆုံးသူ ၂၀ နီးပါးခန့်ဟာ ထပ်မံ ရရှိလာတဲ့ သတင်းအချက်အလက်အရသာဖြစ်ပြီး ဒီ့ထက်လည်း ပိုလာနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာရာမှာ ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရွာမှာ သေဆုံးသူ ၁၄ ဦးရှိပြီး မုန်တိုင်းရှောင်တဲ့ ဓမ္မာရုံရဲ့ အုတ်တံတိုင်းပြိုကျလို့ သေဆုံးကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ‌တော့ လက်ရှိမှာ အတည်ပြုလို့ မရသေးပါဘူး။ ဒီ သေဆုံးသူ ၁၄ ဦးမှာ ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး ၉ ဦးပါ ပါတယ်” လို့ ကယ်ဆယ်ရေးအဖွဲ့‌တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူစာရင်းဟာ ကနဦး သတင်းအရသာဖြစ်ပြီး ရသေ့တောင်မြို့နယ်ထဲ ကျေးရွာပေါင်း ၁၉၆ ရွာရှိတဲ့အတွက် နောက်ထပ်‌ ကျေးရွာတွေက သတင်းကိုရဖို့ ဆက်သွယ်ရေး အခက်အခဲ ရှိနေဆဲဖြစ်ပါတယ်။

မေ ၁၄ ရက်နေ့က မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်ဟာ စစ်တွေမြို့လိုပဲ အဆိုးဆုံးပျက်စီးမှုရှိနေပြီး တစ်မြို့လုံး ၁၀၀ ရာခိုင်နှုန်း နီးပါးအထိ ပျက်စီးခဲ့တယ်လို့ သိရတဲ့အပြင် လက်ရှိမှာ မိုဘိုင်းဆက်သွယ်ရေးလိုင်းရော ကြိုးဖုန်းလိုင်းပါ အဆက်အသွယ် ခက်ခဲနေပါတယ်။

ဒါ့အပြင် စစ်တွေမြို့မှာလည်း မုန်တိုင်းကြောင့် ၅ ဦးခန့်သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး မုန်တိုင်းရှောင်သူ အဘွားတစ်ယောက်နဲ့ ကလေးတစ်ယောက် မှန်စတွေ ထိခိုက်ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကာ ကျန် ၃ ဦးမှာတော့ လုံခြုံရေးအဖွဲ့ဝင်တွေဖြစ်ပြီး အုတ်နရံပြိုကျမှုကြောင့် သေဆုံးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီအရေအတွက်က ကနဦးရထားတဲ့ အရေအတွက်ပေါ့။ ကျွန်တော့်အထင် ဒီ့ထက်လည်း ရှိနေနိုင်သေးတယ်။ ရှာဖွေမှုတွေ၊ စာရင်းအချက်အလက်တွေ ဆက်လုပ်ရဦးမယ်။ တချို့နေရာတွေကျတော့ ဖုန်းအဆက်အသွယ်မရသေးဘူး၊ သွားရေးလာရေးကလည်း အခက်အခဲရှိနေတယ်။ ရေကျသွားတဲ့ နေရာတွေက နုန်းတွေနဲ့ဆိုတော့ သွားလို့ သိပ်မရသေးဘူး။ ရှင်းလင်းရေးတွေလည်း လုပ်ရဦးမယ်” လို့ စစ်တွေမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် စစ်တွေတစ်မြို့လုံးနီးပါး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးတွေကိုလည်း ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခတ်မှုအပြီး စစ်တွေမြို့အပြင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့၊မကွေးတိုင်း စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့တွေမှာလည်း ထိခိုက်ပျက်စီးမှုနဲ့ ပျောက်ဆုံးမှု၊ သေဆုံးသူတွေ ရှိနေသေးတယ်လို့ ဒေသဆိုင်ရာ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင် #စစ်တွေ #မုန်တိုင်းကြောင့်လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW