ရေနစ်မြုပ်ခဲ့တဲ့ မကွေး၊စစ်ကိုင်း အပါအဝင် ဒေသအချို့မှာ သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့

မေ ၁၆ – ၂၀၂၃
GG (VOM)

မကွေး တိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ပဲခူးတိုင်းမှာ မုန်တိုင်း မိုခါကြောင့် သီးနှံစိုက်ခင်း အများအပြား ရေနစ်မြုပ် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မကွေးတိုင်းမှာ စိုက်ခင်း ဧက ၁၀၀၀၀ ကျော်ခန့် ရေနစ်မြုပ် ပျက်စီးခဲ့ရပြီး ၊ စစ်ကိုင်းတိုင်းမှာလည်း သီးနှံစိုက်ခင်း ဧက ၂၀၀၀၀ ကျော်ခန့် ရေနစ်မြုပ်ပျက်စီးခဲ့သလို ပဲခူးတိုင်းမှာလည်း သီးနှံ စိုက်ခင်းဧက ထောင်နဲ့ချီ ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

သီးနှံစိုက်ခင်းတွေအပြင် နေအိမ်တွေမှာသိုလှောင်ထားတဲ့ ဆန် ၊ စပါး၊ ပဲ အပါအဝင် စတဲ့ စားသောက်ကုန်ပစ္စည်းတွေလည်း ရေနစ်မြုပ်ပြီး ပျက်စီးတာ၊ ရေစီးနဲ့မျောပါ တာတွေကြောင့် ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

” ဆင်ဖြူကျွန်းဘက်မှာဆို ပဲတီစိမ်းခင်းတွေ အကုန်ရေနစ်မြုပ်သွားတယ်။ ရေကျသွားတယ်ဆိုတာတောင်ယာထဲက ရေတွေက မခမ်းဘူးလေ။စိုက်ခင်းတွေပျက်စီးကုန်တယ်။ တချို့ဆို ပဲတီစိမ်းတွေရိတ်ခါနီးနေပြီ။စိုက်ပျိုးစရိတ်အရင်းအနှီးကြီးတဲ့နှစ်မှာ.ရေကြီးတော့ အရှုံးကြီးတာပေါ့။ အရင်းရဖို့တောင်မလွယ်ပါဘူး”လို့ မကွေးတိုင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနှစ်မှာ သွင်းအားစုစရိတ်တွေ မြင့်တက်တာ၊ လုပ်ခအားတွေ မြင့်တက်တာအပါအဝင် စတဲ့ကုန်ကျစရိတ်တွေ မြင့်တက်မှုကြောင့် ပဲတီစိမ်း ၊ မတ်ပဲ ၊ စပါးစိုက်ခင်း တစ်ဧကအတွက် စိုက်ပျိုးစရိတ်က ငွေကျပ် ၅ သိန်း လောက်ကုန်ကျမှုရှိ တယ်လို့ သိရပါတယ်။

သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တာကတော့ အဓိက ရေကြီး ရေလျှံဖြစ်စဥ်ကို ခံစားခဲ့ရတဲ့ မကွေးတိုင်းက ဆင်ဖြူကျွန်း၊ စလင်း ၊ ပခုက္ကူ၊ ရေစကြို စတဲ့ မြို့နယ်အချို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာဆိုရင် မြောင်မြို့နယ်၊ ကနီ၊ ခင်ဦး ၊ ဒီပဲယင်း၊ ဆားလင်းကြီးအပါအဝင် မြို့နယ်အချို့ဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်မြုပ်ပျက်စီးခဲ့တဲ့ သီးနှံစိုက်ခင်းတွေကတော့ ပဲတီစိမ်းစိုက်ခင်း ၊ မတ်ပဲ စိုက်ခင်း ၊ CP ပြောင်း စိုက်ခင်း၊ နွေစပါးစိုက်ခင်း၊ နှမ်းစိုက်ခင်း၊ဂန္နမာ ပန်းခင်း၊ငရုတ်စိုက်ခင်း၊ခရမ်းချဥ် စတဲ့ ယာသီးနှံစိုက်ခင်းတွေ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ဒေသတွေမှာ မေလ ၁၂ ရက်နေ့ကစပြီး မေလ ၁၄ ရက်နေ့အထိ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ဆည်တွေရေပြည်ပြီး ဆည်ကျိုးကျတာ ၊ ကန်တွေကျိုးတာ၊ ချောင်းတွေရေလျှံတာ၊ မြစ်ရေတက်တာတွေကြောင့် လူနေအိမ်တွေရေနစ်မြုပ်ခံရပြီး ပျက်စီးခဲ့သလို အဲ့ဒီဒေသက စိုက်ပျိုးသီးနှံခင်းတွေ လည်း ရေနစ်မြုပ်ပျက်စီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ရေနစ်မြုပ်ခဲ့တဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရေနစ်မြုပ်ဒေသ #သီးနှံစိုက်ခင်းပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW