ချင်းပြည်နယ်မှာ မုန်တိုင်းကြောင့် လူနေအိမ် ၈၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့

မေ ၁၇ – ၂၀၂၃
SN (VOM)

မေလ ၁၄ ရက်နေ့ညပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် ချင်းပြည်နယ်မှာ နေအိမ် ၈၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုန်တိုင်းကြောင့် မတူပီမြို့နယ်၊ ဇိုတုန်ဒေသမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်းအပါအဝင် အိမ်ခြေ ၂၆၄ လုံး အိမ်ခေါင်မိုးလန်ကာ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မေ ၁၆ ရက်နေ့ ညနေပိုင်းအထိ ရရှိတဲ့စာရင်းတွေအရ မုန်တိုင်းကြောင့် ချင်းပြည်နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် အနည်းဆုံး လူနေအိမ် ၇၀၀ ကနေ ၈၀၀ ကြားပျက်စီးခဲ့ကာ ဘုရားကျောင်း ၇ ကျောင်း အပါအဝင် စာသင်ကျောင်းတွေ၊ အခြားအဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“မုန်တိုင်းလမ်းကြောင်း တောက်လျှောက်က အိမ်တွေပျက်စီးခဲ့တာ။ မြေပြိုတာတွေတော့ မရှိဘူး။ တိရစ္ဆာန်နဲ့ လူတွေ ထိခိုက်တာလည်း အခုချိန်ထိ မကြားရသေးဘူး။ ဘုရားကျောင်းတွေ ထိခိုက်တာတော့အများကြီး ရှိပါတယ်”လို့ ဇိုတုန်ဒေသခံတစ်ဦးက ပြောပါတယ်။

မတူပီမြို့နယ်အတွင်း ပျက်စီးသွားတဲ့ လူနေအိမ်နဲ့ အဆောက်အဦစာရင်းတွေကတော့ ဟုန်လေးကျေးရွာမှ အိမ်ခြေ ၆၁ လုံးနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ တိန်ဆီးကျေးရွာမှ အိမ်ခြေ ၁၁၅ လုံးနဲ့ ဘုရားကျောင်း သုံးကျောင်း၊ ထောင်လန်ကျေးရွာမှ အိမ်ခြေ ၅၂ လုံးနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ ရွာဗား (A) ရွာမှ အိမ် ၁၁ လုံး၊ ရွာဗား (B) ရွာမှ အိမ် ၁၂ လုံးနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ တီလပ်ကျေးရွာမှ အိမ်ငါးလုံးနဲ့ ရေဇွာမြို့မှ အိမ်နှစ်လုံး၊ စုစုပေါင်း လူနေအိမ် ၂၅၈ လုံးနဲ့ ဘုရားကျောင်း (၆)ကျောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတူပီမြို့နယ်အတွင်း အိမ်‌ခြေ ၂၀၀ ခန့်ရှိတဲ့ ဖနိုင်ကျေးရွာမှာလည်း ဘုရားကျောင်းသုံးကျောင်း၊ စာသင်ကျောင်း လေးကျောင်းနဲ့ ဝန်ထမ်းအိမ်ယာတွေ အပါအဝင် လူနေအိမ်များ အိမ်ခေါင်မိုးလန်ကာ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး မရာနယ်အတွင်းမှာလည်း လူနေအိမ် ၆၅ လုံး ပြိုလဲခဲ့ကာ ၂၆၅ လုံး အမိုးအကာပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဆီကို မုန်တိုင်းလာမယ်ဆိုတာ အစောကြီးကတည်းက ကြိုမသိထားဘူး။ ဖုန်းလိုင်းနဲ့ အင်တာနက် အခက်အခဲကြောင့် သိတဲ့အချိန် နောက်ကျတယ်။ အဲ့ဒါကြောင့် ပြင်ဆင်ချိန် သိပ်မရလိုက်ဘူး။ လက်ရှိအချိန်အထိလည်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေက အဆင်မပြေသေးဘူး။ လက်ရှိမှာ ရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေပါတယ်”လို့ ဖနိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

မုန်တိုင်းကြောင့် အထိအခိုက် အပျက်အစီး အခုထက်ပိုပြီး များပြားနိုင်ကာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် ပျက်ဆီးဆုံးရှုံးမှုစာရင်း အတိအကျကို သိရှိနိုင်ဖို့ ခက်ခဲနေ‌သေးသလို မုန်တိုင်းသင့် ပြည်သူနဲ့ ပျက်စီးဆုံးရှုံးမှု အချက်အလက်အနေအထားတွေလည်း ပြောင်းလဲမှုရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသတွေအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ (၁၆) ရက်မှာ ကြေညာခဲ့ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ချင်းပြည်နယ် #မိုခါမုန်တိုင်း #ပျက်စီးဆုံးရှုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW