စက်သုံးဆီ အခက်အခဲကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက ရွှေတူးဖော်ရေး လုပ်ငန်းတွေ ရပ်နားထားရ

မေ ၊ ၂၁ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းတွေဟာ စက်သုံးဆီ အခက်အခဲကြောင့် ရပ်နားထားရတာ ၃ လကျော်နေပြီလို့ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ရွှေတူးဖော်ရေး လုပ်ကွက်တွေဆီ ၊ စက်သုံးဆီတွေ မဝင်တော့ဘူး ၊ လုပ်ငန်းလည်ပတ်ဖို့ ဆီမရှိတာကြောင့် နားထားရတာဖြစ်တယ် ၊ အဲ့ဒီလို ရပ်နားထားရတဲ့ လုပ်ငန်းရှင်ပေါင် ရာနဲ့ချီပြီရှိတယ် ၊ ရွှေတူးဖော်ရေး လုပ်သား ၃ သောင်းကျော်ဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ” လို့ ရွှေသတ္ထု တူးဖော်ရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ် ။

စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းမြို့ခံ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင် တယောက်က ” ဆီသယ်လို့မရဘူး ၊ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက ဖမ်းဆီးတာတွေများလာတယ် ၊ အဲ့ဒါကြောင့် အရောင်းအဝယ်တွေ ရပ်နားထားရတယ် ၊ ခန္တီးနဲ့ ဟုမ္မလင်းဒေသမှာ စက်သုံးဆီ ပြတ်လပ်သလောက်ရှိနေတယ် ၊ ဓာတ်ဆီ ၁ ဂါလံကို ၁၅၀၀၀ နဲ့ ဒီဇယ် ၁ ဂါလံ ၁၆၀၀၀ စျေးနူန်းရှိတယ် ၊ ဒါကလည်း စျေးနူန်းသာရှိတာ ၊ ရောင်းဝယ်ဖြစ်ဖို့ ကုန်စည် မရှိဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် မေ ၁၉ ရက်နေ့က ရွှေသတ္ထုတူးဖော်ရေးလုပ်ကွက်တွေဆီကို ပို့ဆောင်မယ့် စက်သုံးဆီ ပေပါ အလုံး ၈၀၀ ရာကျော်ကို မော်လိုက်မြို့နယ်ထဲမှာ သက်ဆိုင်ရာက ဖမ်းဆီးလိုက်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စက်သုံးဆီတွေ သယ်ယူပို့ဆောင်တဲ့အခါ ဖမ်းဆီးခံရတဲ့ နေရာတွေကတော့ ၊ မုံရွာ ၊ စစ်ကိုင်း ၊ ရေဦး ၊ ရွှေဘို ၊ ကန့်ဘလူ ၊ အင်းတော် စတဲ့ မြို့နယ်တွေမှာ ဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးခံရတဲ့ ဆီသယ်ကားတွေကားတွေဟာ ရာနဲ့ချီပြီး ရှိတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အဲ့ဒီလို စက်သုံးဆီတွေ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံး လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဆီတွေဖမ်းဆီးတာပါ ၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းစဥ်အရ လုပ်ဆောင်တာဖြစ်တယ်” လို့ ပြောပါတယ်။

မုံရွာမြို့နယ် ၊ ကျောက္ကာ ရေနံချက်ဇုန်က ၊ ကုန်ချောအဖြစ်ထွက်ရှိလာတဲ့ စက်သုံးဆီတွေကို ချင်းတွင်းမြစ်ကနေ ရေလမ်းကြောင်းနဲ့ရော မုံရွာ – ရေဦး – တန့်ဆည် – မော်လိုက် – ဖောင်းပြင်- ဟုမ္မလင်း မဟာမြိုင် ကုန်းလမ်းကြောင်းကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ရွှေတူးဖော်ရေး လုပ်ကွက်တွေဆီကို သယ်ယူပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းစက်သုံးဆီ

Related posts

Leave a Comment

VOM News

FREE
VIEW