ဝန်းသိုမြို့နယ်မှာ မီးရှို့သတ်ခံထားရတဲ့ အလောင်း ၃ လောင်းတွေ့

မေ ၂၃ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဂျိုးတောင်ရွာဘက်အထွက် ကားလမ်းမကြီးဘေး ဒေသခေါ် ချမ်းမြေ့သီတာ လမ်းခွဲနေရာမှာ မနေ့ မေ ၂၂ ရက် ညနေပိုင်းက လူ ၃ ဦး မီးရှို့သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ကြိုးတုပ်ပြီး မီးရှို့သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရတာဖြစ်တယ် ၊ ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ထားတာ “လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

ဝန်းသိုမြို့နယ် ရှမ်းနီတိုင်းရင်သားရေးရာ ၊ ရိုးရာယဥ်ကျေးမှုအဖွဲ့ဝင် တာဝန်ရှိသူတစ်ယောက်က ” မီးရှို့သတ်ခံရတဲ့ လူငယ် ၃ ဦးစလုံးက ရှမ်းနီတိုင်းရင်းသားတွေ ဖြစ်တယ်၊ သူတို့ ဘာကြောင့် အခုလို သတ်ဖြတ်ခံရတယ်ဆိုတာ ဘယ်အဖွဲ့စည်းက ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာ မသိရသေးဘူး ၊ စုံစမ်းနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် မီးရှို့သတ်ခံရတာနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က “သတ်ခံရတဲ့ လူငယ် ၃ ဦးစလုံးက လယ်ယာလုပ်ငန်းခွင်ကနေ ဖမ်းဆီးပြီး ကြိုးတုပ်ကာ မီးရှို့သတ်ခံရတာ ဖြစ်နိုင်တယ်လို့ ကနဦး ခန့်မှန်းရတယ် ၊ ဖြစ်စဥ်မှန် ပေါ်ပေါက်ဖို့ အမှုဖွင့် စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကောလင်း ၊ ဝန်းသို ၊ ပင်လည်ဘူး ၊ ဗန်းမောက် ၊ အင်းတော် ၊ ကသာ ၊ ဟုမ္မလင်း ဒေသတွေဘက်မှာ ရှမ်းနီတိုင်းရင်းသားတွေ အဓိက နေထိုင်တယ်လို့ သိရပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ အဲ့ဒီ ဒေသဘက်က ရှမ်းနီ တိုင်းရင်သား သံဃာတော် ၈ ပါး ၊ ရှမ်းနီ လူငယ်ရေးရာနဲ့ ယဥ်ကျေးမှု စာပေအဖွဲ့က ၄ ဦး အပါအဝင် ရှမ်းနီတိုင်းရင်းသား ၆၀ ကျော် ဖမ်းဆီး သတ်ဖြတ်ခံရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

#VOM #voiceofmyanmar #ဝန်းသို

Related posts

Leave a Comment

VOM News

FREE
VIEW