ဖျာပုံမှာ လူသတ်ပြီး ပစ္စည်းလု ၊ အလောင်းဖျောက်တဲ့ လင်မယား ၂ ယောက် ဖမ်းဆီးရမိ

မေ ၊ ၂၁ ၊ ၂၀၂၃
SP (VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့မှာ လူတွေသတ်ပြီး ပစ္စည်းလုယက်ကာ အလောင်းတွေဖျောက်ထားတဲ့ ပြစ်မှုကျူးလွန်သူ လင်မယား ၂ ယောက်ကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့က မနေ့ မေ ၂၀ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ တယောက်က ” အသတ်ခံရတဲ့သူတွေက အမျိုးသမီးတွေဖြစ်တယ် ၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းနယ်မြေ၊ သရက်တောကျောင်းလမ်း၊အမှတ် (၃)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မသန်းသန်းမြင့် ဆိုသူနဲ့ ဖျာပုံမြို့နယ်၊ ကံစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ တို့ဖြစ်တယ် ၊ ပထမ လူသတ် ပစ္စည်းလု အလောင်းဖျောက်တဲ့ ဖြစ်စဥ်က ပြီးခဲ့တဲ့ ၂၀၂၂ ၊ အောက်တိုဘာ ၈ ရက်ကဖြစ်တယ် ၊ ဖျာပုံမြို့နယ် ၊ ခါးပြတ်ကျေးရွာထဲမှာ ငါးလိုက်လံရောင်းချနေတဲ့ ဒေါ်မြင့်မြင့်သန်း ဆိုသူကို မနန်းအေးခမ်းဆိုတဲ့ အမျိုးသမီးက ငါးဝယ်ဦးမယ်လို့ ပြောကာ နေအိမ်အတွင်းကို ခေါ်ဆောင်ခဲ့ပြီး အိမ်ထဲကို ငါးသည် မမြင့်မြင့်သန်း ရောက်လာတဲ့အခါ မနန်းအေးခမ်းရဲ့ ယောကျ်ားဖြစ်သူမျိုးညွန့် ဆိုသူက အိမ်တံခါးပိတ်ကာ မမြင့်မြင့်သန်းရဲ့ ပါးစပ်ကိုပိတ် ခန္ဓာကိုယ်ကိုချုပ်ကိုင်ပေးတယ် ၊ အဲ့ဒီ အချိန်မှာ မနန်းအေးခမ်းက ဓါးမြှောင်နဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်တယ် ။ အဲ့ဒီနောက် အသတ်ခံရတဲ့ မမြင့်မြင့်သန်းရဲ့ ကိုယ်ခန္ဓာမှာ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို သူတို့လင်မယား ၂ ယောက်က ချွတ်ယူပြီး အလောင်းကို ပီနံအိတ်ထဲထည့်ကာ သူတို့နေတဲ့အိမ်ရဲ့ နောက်ဖေ ခြံဝန်းထဲမှာ မြေမြုပ် ဖျောက်ဖျက်ထားတာဖြစ်တယ် ။ အလားတူ အသတ်ခံရသူ မဇင်မျိုးသူ အမှုနဲ့ပတ်သက်လို့ စစ်ဆေးပေါ်ပေါက်ချက်ကတော့ ပြစ်မှုကျူးလွန်သူ မျိုးညွန့်ဆိုသူနဲ့ မဇင်မျိုးသူ တို့က သမီးရည်းစားတွေ ဖြစ်ခဲ့ကြတယ် ၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဒေါ်ညိမ်းနယ်မြေ၊ အေးကုန်းကျေးရွာ သချိုင်းနားမှာ ချိန်းဆိုတွေခဲ့ကြတယ် ၊ အဲ့ဒီ ချိန်းတဲ့နေရာမှာ မျိုးညွန့်ရဲ့မိန်းမဖြစ်သူ မနန်းအေးခမ်းက မျိုးညွန့်ရဲ့ အစ်မအဖြစ် ဟန်ဆောင်ကာ လိုက်ပါခဲ့တယ် ၊ လူသူ အခြေအနေ စောင့်ကြည့်ပေးခဲ့ရတယ်လို့ စစ်ဆေးပေါ်ပေါက်တယ် ၊ အဲ့ဒီနောက် မျိုးညွန့်ဆိုသူက မဇင်မျိုးသူရဲ့ ပါးစပ်ကို လက်နဲ့ ပိတ်ကာသိုင်းချုပ်ထားပြီး မနန်းအေးခမ်းကအသင့်ယူဆောင်လာတဲ့ ဓားမြှောင်နဲ့ မဇင်မျိုးသူကိုထိုးသတ်တယ် ၊အဲ့ဒီနောက် မဇင်မျိုးသူ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ချွတ်ယူပြီး အလောင်းကို မြေကျင်းအဟောင်းထဲ ပစ်ချပြီး ဖျောက်ဖျက်ခဲ့တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ် ၊ ပစ္စည်းလု ၊ အလောင်းဖျောက်တဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဒေါ်ညိမ်းနယ်မြေရဲစခန်းက (ပ) ၂၇/၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂/၂၀၁/ ၃၄ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW