မန္တလေးမြို့ အောင်ပင်လယ်ရပ်မှာ လက်လုပ်မိုင်းပေါက်ကွဲပြီး (၁)ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ

မေ ၁၉-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသေဆုံး၊ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မေ ၁၉ရက် မနက် ၇နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးရဲ့နေအိမ်မှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ၊ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“လက်လုပ်မိုင်းပေါက်တာက ရာအိမ်မှူး ဦးသန်းနိုင်ရဲ့အိမ်၊ ဆိုင်ကယ်နဲ့ လူနှစ်ဦးက လက်လုပ်မိုင်းနဲ့ လာပစ်ချိန် အိမ်ရှေ့ထိုင်နေတဲ့ ရာအိမ်မှူး အမေနဲ့ သူ့မိသားစုတချို့ ထိုင်နေတာလို့ သိရတယ်၊ ပေါက်ကွဲမှုဖြစ်တော့ သူတို့တွေထိတယ်၊ ရာအိမ်မှူးအမေ အသက် ၆၇ နှစ်အရွယ် ဆေးရုံမှာ သေဆုံးတယ်၊ ကျန် ၂ဦးကတော့ ထိခိုက်ဒဏ်ရာနဲ့ ဆေးကုနေတယ်”လို့ ရဲနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၆၇နှစ်အရွယ် အမျိုးသမီးက ညာဘက် ခြေမျက်စိ၊ညာ ခြေသလုံး၊နဖူး၊ဘယ် ရင်ဘတ်၊ နောက်စေ့တို့မှာ ဒဏ်ရာရသေဆုံးခဲ့ပြီး ကျန်တဲ့ အသက်၃၈နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၇နှစ်အရွယ် အမျိုးသမီးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မနေ့ မေ ၁၈ရက် ည ၁၀ နာရီခွဲ အချိန်ခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်မှာ လမ်းမပေါ် မောင်းနှင်နေတဲ့ လူ (၄)ဦးပါ ကားတစ်စီးကို သေနတ်ကိုင်ထားသူ လူတစ်စုက ကားနှစ်စီးနဲ့ လိုက်လံပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ကားပေါ်ပါ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘာကြောင့် အခုလို ပစ်ခတ်မှုဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အထက်ပါဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ တရားခံဖမ်းမိရေး လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပစ်ခတ်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW