မုံရွာက ကိုဝေမိုးနိုင်ကို နောက်ထပ် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မေ ၊ ၁၉ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရဲ့ ၂၀၂၁ အထွေထွေသပိတ် ဦးဆောင်ခဲ့သူ ကိုဝေမိုးနိုင် ကို ဒီကနေ့ မနက်ပိုင်းက မုံရွာအကျဥ်းထောင် အထူးတရားရုံး ခုံအဖွဲ့ကနေ ထပ်တိုး ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ မုံရွာခရိုင် ရှေ့နေတွေဆီက သိရပါတယ်။

” ကိုဝေမိုးနိုင်ကို ဒီမနက်မှာပဲ အရေးပေါ် ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ်နှစ် ၂၀ ထပ်တိုးချလိုက်တယ် ” လို့ မုံရွာ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

ကိုဝေမိုးနိုင် ဟာ ၂၀၂၁ မုံရွာမြို့ပေါ်က အထွေထွေသပိတ်ကို ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၂၀၂၁ ၊ ဧပြီ ၁၅ ရက် ညနေပိုင်းမှာ မုံရွာမြို့ သာစည်လမ်း ၊ ရွှေယင်းမာ သီလရှင် ကျောင်းတိုက် ဆိုင်ဘုတ်နားမှာ ဆန္ဒပြနေတဲ့အချိန် ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သက်ဆိုင်ရာက ကိုဝေမိုးနိုင်အပေါ် ပုဒ်မ ၁၀ မျိုးနဲ့ စွပ်စွဲ အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။

ဒိအပြင် ကိုဝေမိုးနိုင်အပေါ် စွပ်စွဲ အမှုဖွင့် အရေးယူထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ရဲစခန်း အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ မုံရွာမြို့ခံ တရားလွှတ်တော် ရှေ့နေ တစ်ဦးက
” ပြီးခဲ့တဲနှစ် ၂၀၂၁ ဖော်ဝါရီ ၆ ရက်ကစတင်လို့ လူထုဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းကို မုံရွာမြို့ ဘုန်းစိုးရပ်ကွက် သာစည်လမ်းနဲ့ နေဇာလမ်းဆုံ သာစည်းစျေးအနီးမှာ ကိုဝေမိုးနိုင် ဦးဆောင်ပြီး ဆန္ဒပြခဲ့တဲ့အတွက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ ၂၅ အရ ကိုဝေမိုးနိုင်အပေါ် အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ ရက်ပေါင်း ၆၈ ရက်ကြာ ဆန္ဒပြကာလအတွင်း ရတနာပုံရပ်ကွက် အမှတ် ၇ လမ်းမှာ အိမ်ငှားနဲ့ နေထိုင်တဲ့ ကိုနေလမိုး ဆိုသူကိုယ် (ဒလန်) လို့ဆိုကာ သပိတ်စစ်ကြောင်းအဖွဲ့က ဖမ်းဆီးပြီး ဘုန်းစိုးရပ်ကွက်ထဲက ဘုန်းကြီးကျောင်း တကျောင်းထဲမှာ ချုပ်နှောင်ကာ ရိုက်နှက်တာ ၊ မျက်နှာမှာ တက်တူးထိုးတာ ၊ လက်ကိုင်ဖုန်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းတာအပြင် ကိုနေလမိုးရဲ့ မိသားစုကို နယ်နှင်ဒဏ်ပေးခဲ့တဲ့ ဖြစ်စဥ်လုပ်ရပ်တွေအပေါ် သပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်က ပါဝင် ပတ်သက်ခဲ့တယ်ဆို ပြီး ကိုဝေမိုးနိုင်အပေါ် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၅ ဓားပြမှု ၊ ၃၄၂ တစ်ဦးတစ်ယောက်ကို မတရား ချုပ်နှောင်ထားမှု ၊ ၃၂၅ အပြင်အထန် နာကျင်စေရန် သိလျက်နှင့်ပြုခြင်း ၊ ၁၁၄ အားပေးကူညီခြင်း စတာတွေနဲ့ အရေးယူခဲ့တယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့နှစ် ၂၀၂၁ မတ်လ ၂၅ ရက်ညက မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တွဲဘက် တာဝန်ထမ်းဆောင်နေတဲ့ ပုလဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တစ်ယောက်နဲ့ ခင်ဦးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် မှာရှိတဲ့ ၊ ဆားကျင်းသုဿန်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကိုဝေမိုးနိုင်ဟာ ဦးဆောင်ပါဝင်ခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှု ၊ ၁၁၄ အားပေးကူညီ မှုတို့နဲ့ အမှုဖွင့် အရေးယူခဲ့တာဖြစ်တယ်။

ဒါ့အပြင် CRPH နဲ့ NUG အဖွဲ့က ဒေါက်တာ ဇော်ဝေစိုး ၊ ဒေါ်ဇင်မာအောင်နဲ့ ချိတ်ဆက်ပြီး မုံရွာမှာ လူထုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ – က အရ အရေးယူခဲ့ပြီး မုံရွာဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ လူငယ်တချို့ကို ဖောက်ခွဲရေး သင်တန်းတွေတက်ရောက် သင်ကြားနိုင်ရန် တောတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက်စေလွှတ်ပေးခဲ့တဲ့အတွက် ပုဒ်မ ၁၇(၁) ၊ ၁၂၄ ၊ ၅၁၁ အရ စွပ်စွဲ အမှုဖွင့် အရေးယူခံထားရတာ ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီနောက် ကိုဝေမိုးနိုင်အပေါ် သက်ဆိုင်ရာက စွပ်စွဲ အမှုဖွင့်ထားတဲ့ ၊ အမှုတွေကို မုံရွာ အကျဥ်းထောင် တရားရုံးကနေ ကြားနာစစ်ဆေးပြီးနောက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ ၂၅ အရ ကိုဝေမိုးနိုင်အပေါ် ထောင်ဒဏ် ၂ နှစ် ၊ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ၊ သြဂုတ် ၁၂ ရက်မှာ ၅၀၅ အမှု ၅ စာအတွက် ထောင်ဒဏ် ၁၀ နှစ် ၊ ဓားပြမှု ၊ လုယက်မှု ၊ နာကျင်စေမှု ၊ အားပေးကူညီမှု အပါအဝင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၅ ၊ ၃၄၂ ၊ ၃၂၅ ၊ ၁၁၄ အရ ထောင်ဒဏ်နှစ် ၂၀ ၊ အရင်က ကျခံရမယ့် ပြစ်ဒဏ် စုစုပေါင်း ၃၂ နှစ်ရှိတာဖြစ်တယ်လို့ သိရပါတယ် ။

ဒါ့အပြင် ဒီကနေ့ နောက်ထပ်ချမှတ်တဲ့ ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် နှစ် ၂၀ နဲ့ဆိုရင် အားလုံး ၅၂ နှစ် ရှိသွားပြီလို့ ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။

အခု ကိုဝေမိုးနိုင် အပေါ် စွပ်စွဲထားတဲ့ ဥပဒေ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ကိုဝေမိုးနိုင်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ လူ ၂ ဒါဇင်ကျော်ကိုလည်းဖမ်းဆီးရန်ကျန် အမည်စာရင်း ကြေညာထားပြီး ဖမ်းဝရမ်းထုတ်ဆင့် ကြေညာထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ဝေမိုးနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW