ဂန့်ဂေါခရိုင်ထဲမှာ ကောက်ပဲသီးနှံတွေ မရောင်းရတာကြောင့် တောင်သူတွေ အခက်တွေ့နေ

မေ ၊ ၂၉ ၊ ၂၀၂၃
SP( VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင်ထဲက ထွက်ရှိလာတဲ့ မိုးကြိုသီးနှံတွေကို သယ်ယူပို့ဆောင်တာနဲ့ ရောင်းချတာတွေ မပြုလုပ်ရဘူးလို့ တားမြစ်ထားတာကြောင့် ဂန့်ဂေါခရိုင်ထဲက တောင်သူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းဟာ ၁၀ လကျော်ကြာ ပိတ်ထားခံရတဲ့အတွက် ရာသီပေါ်သီနှံတွေနဲ့ ကုန်စည်တွေသယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီနှစ်ပေါ်တဲ့ နွေသီးနှံနဲ့ မိုးကြိုသီးနှံတွေ ရိတ်သိမ်းပြီးပေမယ့် ကားလမ်းတွေပိတ်ထားတာကြောင့် စျေးကွက်ထဲကို အချိန်မီ ပို့ဆောင်နိုင်တာမရှိဘူး ၊ အဲ့ဒီ ရာသီပေါ်သီးနှံတွေကို ရွာမှာ လှောင်ထားရင်လည်း မီးဘေးအန္တရာယ်ကြောက်ရတယ် ၊ ကားတွေ အသွားအလာမရှိလို့ ဆိုင်ကယ်နဲ့ တနိုင်တပိုင် သယ်ယူရောင်းချရတယ် ၊ လက်လီရောင်းရတဲ့အခါ ၊ အလျော့တွက် နဲ့ လေလွင့်မှုများသလို စျေးနှိမ်ခံရတာတွေလည်း ရှိတယ် ၊ သီးနှံပွဲစားတွေက ရွာတွေဘက်ကို မလာရဲတော့ ၊ မြို့က သီးနှံပွဲရုံတွေဆီ ဆိုင်ကယ်နဲ့ ပို့နေရတာဖြစ်တယ် “လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီကျေးရွာနေ ဒေသခံ တောင်သူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကစလို့ ဂန့်ဂေါမြို့နဲ့ ကလေးမြို့ကြားက မိုင် ၈၀ ကျော်ရှိတဲ့ ကုန်သွယ်ရေးကားလမ်းမှာ မိုင်းကွဲတာတွေ ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ၊ ကားသမားတွေနဲ့ ခရီးသွားတွေ သတ်ခံရတာကြောင့် လမ်းကြောင်းပိတ်ထားတာဟာ အခုဆိုရင် ၁၀ လကျော်ရှိပြီလို့ သိရပါတယ်။

” လမ်းပိတ်ထားတယ်ဆိုတာ ၊ စစ်တပ်ဘက်က ပိတ်ထားတာ မဟုတ်ဘူး ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေက ပိတ်ထားတာ ၊ ဘယ်သူမှ မသွားရဲကြဘူး ၊ ဂိတ်တွေလည် ရှိတယ် ၊မြို့နဲ့နီးတဲ့ ရွာတွေက သွားလာရေး မခက်ခဲပေမယ့် ၊ မြို့နဲ့ဝေးတဲ့ မြင်းဇာ ၊ ကျော်ရွာ ၊ မောက်လင်း ၊ လက်ပံ ၊ သာကောင်း ၊ ရွှေတောင် ၊ မောက် ၊ တောင်ယာပြင် ၊ ဘော်ပြင်း ၊ ကျွန်းဒက် ၊ ထယ်လှော် ၊ ဘော်ပြင်း ၊ ကန် ၊ ကျွန်းခုံသာ ၊ ကန်သာ ၊ ရေရှင်မ ၊ မွှေ့လယ် ၊ ရဲလှ ၊ နှမ်းခါး ၊ ရေရှင် ၊ တောင်ခရန်း ၊ မြင်သား ၊ သာလင်း ၊ ရွှေဘို ၊ သင်တော ၊ မြောက်ခရန်း ၊ ကုက္ကား ၊ ဟံသာဝတီ စတဲ့ရွာတွေက သွားလာရေး ခက်ခဲပြီး ၊ သီးနှံတွေ မရောင်းရဘူး ၊ အဲ့ဒီအပြင် ရွာဘက်ကို ကုန်စည်ဝင်ရောက်မှု အနည်းငယ်မျှသာ ရှိတာကြောင့် စားသုံးသူနဲ့ မမျှဖြစ်ကာ စျေးကြီးပေးနေရတယ် ” လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာနေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ နတ်ချောင်း ၊ ချောင်းခွ ၊ သံဗို ၊ မြောက်စည်း ၊ အရှေ့စည်း ၊ ဆည်တော ၊ ဒိုးနွယ် ၊ ရှားဘို ၊ တင်သား ၊ မှန်တော ၊ ကြံသာ စတဲ့ရွာတွေဘက်မှာလည်း အလားတူ အခက်တွေ့မှုတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ဂန့်ဂေါ – ကလေး ကားလမ်းပိတ်ထားတာနဲ့ ပတ်သက်လို့ ကုန်ကားသမား တယောက်က ” ပြီးခဲ့တဲ့ နွေကာလ ပဲပေါ်တဲ့ အချိန်ကစလို့ လမ်းကြောင်းမကောင်းတော့ဘူး ၊ လမ်းတလျှောက် မိုင်းတွေ ထောင်ထားတာ မြင်ရတယ် ၊ အသွားအလာ မလုပ်ဖို့လည်း ကြေညာထားတယ် ၊ နှမ်းနဲ့ မြေပဲပေါ်ချိန်ကစလို့ ဒေသထွက် သီးနှံတွေ သယ်ယူပို့ဆောင်တာ မလုပ်ရဘူးဆိုတာကြောင့် ကားသမားတွေ မသွားကြတော့ဘူး ၊ မန္တလေး ၊ မုံရွာ ၊ ကလေး ၊ တမူး ကားတွေလည်း ဂန့်ဂေါ ကလေးလမ်းကို မလာကြတော့ဘူး ၊ မဟာမြိုင်လမ်းကပဲ သွားကြတော့တာ ၊ ဂန့်ဂေါ ကလေးလမ်းကို အသုံးပြုတာ မရှိတော့ဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါ – ကလေး ကားလမ်းမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော် ကာလအတွင်း ကားမျိုးစုံ ၄၀ နီးပါး မိုင်းထိတာ ၊ မီးလောင်တာတွေဖြစ်ခဲ့တဲ့အပြင် ကားသမားနဲ့ ခရီးသည်တွေ သေဆုံးမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဂန့်ဂေါ #တောင်သူအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW