ရခိုင်က မုန်တိုင်းသင့် ဒေသတွေမှာ အရေပြား ကူးစက်ရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေ

မေ၊၂၈-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ်တွင်း မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဒေသတွေမှာ သောက်သုံးရေတွေ မသန့်တာကြောင့် အရေပြားကူးစက်ရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေ ဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည်ဝင် ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန် မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နဲ့ ဗူးသီး တောင် ၊ မောင်းတော၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေထဲ ကသောက်သုံးရေကန် တွေထဲဆားငံရေတွေဝင်ရောက်ပြီး သောက်သုံး ရေမသန့်ဖြစ်ကာ အဲ့ဒီ ဒေသက ဒေသခံတွေ အရေပြား ရောဂါနဲ့ဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်ပွားနေတာလို့ သိရပါတယ်။

“အခုအရေပြားရောဂါနဲ့ ဝမ်းပျက်တဲ့ ရောဂါတွေက ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ အများဆုံးဖြစ်နေတာ၊ ရေကနေတဆင့်ဖြစ်တာသေချာတယ်၊ ရေတွေချိုးပြီး ယားလို့ ကုတ်လိုက်ရင်း အရည်ကြည်အဖုလေးတွေ တည်ပြီး အနာတွေ ဖြစ်ကုန်တာ ၊ သက်ဆိုင်ရာနဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကူအညီတွေပေးနေပါတယ်၊ ကျန်းမာရေး မကောင်းတဲ့သူတွေရဲ့ စာရင်းတွေကို လိုက်ကောက်နေတာလည်းတွေ့ရတယ်။”လို့ ရခိုင်ဒေသမှာ ရှာဖွေကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသ ကျန်းမာရေး အခြေ အနေနဲ့ ပတ်သက်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက”ဝမ်းပျက် ဝမ်းလျှောရောဂါတွေနဲ့ ယားယံလို့ဖြစ်တဲ့ အရေပြားရောဂါတွေက မုန်တိုင်းသင့် ဒေသတွေနဲ့ ရေကြီးရေလျှံဖြစ်ပွားတဲ့ ဒေသတွေမှာဖြစ်တတ်ပါတယ်၊ လိုအပ် တဲ့ ကျန်းမာရေးအထောက်အကူပြု အစီစဉ်တွေကို ဆောင်ရွက်နေတယ်၊ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ လူနာဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုခံယူဖို့ပြောချင်ပါတယ်၊ ရေတွေကိုလည်း ကျိုချက် သောက်ပါ၊ ကျန်းမာရေးဌာနက ကလိုရင်းဆေးခပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ ကလိုရင်းဆေးခပ်ထားတဲ့ရေကို သောက်ပါလို့ပြောချင်တယ် ၊ ဘယ်လုပ်ငန်းမဆို ဒေသခံတွေ ပါဝင်မှ အဆင်ပြေမှာပါ၊လက်ရှိ အစိုးရက ရေသန့်ဇင်စက်တွေကို မုန်တိုင်းသင့် ဒေသတွေကို ပို့ထားပါပြီ”လို့ ပြောပါတယ်။

မိုခါ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်က စစ်တွေမြို့နယ်အပါအဝင် ဒေသအချို့မှာ ဆေးရုံ၊ ဆေး ခန်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံတွေကိုလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေလုပ်ပေးနိုင်ဖို့အတွက် ဆေးရုံဆေးခန်းတွေကို လိုအပ်တဲ့ပြုပြင် ပြင်ဆင်တဲ့လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ထားတယ်လို့ သက်ဆိုင်ရာကျန်းမာရေးတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ် အများဆုံးခံရတဲ့ ရခိုင်ပြည်နယ်မှာ အသုံးပြုဖို့အတွက် ရေသန့်ဇင်စက်တွေကို သက်ဆိုင်ရာက အစီအစဉ်နဲ့ ပို့ဆောင်ထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ မိုခါ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ယောက်အပါအဝင် လူအယောက် ၁၅၀ ကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

ဒါ့အပြင် ကျွဲ၊ နွားတွေ အပါအဝင် တရိစ္ဆာန်တွေလည်း သေဆုံးမှုဖြစ်ပွားခဲ့တာကြောင့် အဲ့ဒီတိရိစ္ဆာန်တွေကို စနစ်တကျ မစွန့်ပစ်နိုင်တဲ့ အခက်အခဲတွေ ရှိနေတာကြောင့် သန့်ရှင်းရေးထိခိုက်မှုတွေ ဖြစ်ပွား နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#VOM #voiceofmyanmar #ရခိုင် #မုန်တိုင်းသင့် #အရေးပြားနဲ့ဝမ်းရောဂါဖြစ်ပွားမှု

Related posts

Leave a Comment

VOM News

FREE
VIEW