SN (VOM)
အမေရိကန်အစိုးရက နိုင်ငံတကာ ငွေပေးချေမှုတွေအတွက် အဓိကကျတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဇွန် ၂၁ ရက် ညဦးပိုင်းမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ဝင်ငွေတွေ၊ စစ်လက်နက် ဝယ်ယူမှုဆိုင်ရာ ကိစ္စရပ်တွေမှာ အဲ့ဒီ့ဘဏ်တွေကို အသုံးပြုခဲ့တာကြောင့် အခုလိုမျိုးအရေးယူဒဏ်ခတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
MFTB နဲ့ MICB တို့ဟာ နိုင်ငံခြားငွေကြေးနဲ့ လည်ပတ်လုပ်ကိုင်နေရတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကကျတဲ့ ဘဏ်တွေဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အဲ့ဒီ့ဘဏ်စနစ်အတွင်း စီးဆင်းတဲ့ နိုင်ငံတကာငွေပေးချေမှုတွေအားလုံး ခက်ခဲသွားနိုင်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဆန်ရှင် (Sanciton) ထိသွားတဲ့ ဘဏ်နှစ်ဘဏ်ဟာ နိုင်ငံခြားငွေ လဲလှယ်မှုကို အဓိကလုပ်ဆောင်ကြပြီး ကျပ်ငွေကို အမေရိကန်ဒေါ်လာနဲ့ ယူရို အပြောင်းအလဲ လုပ်ဆောင်ပေးတဲ့ နိုင်ငံပိုင် ဘဏ္ဍာရေးအဖွဲ့အစည်းတွေဖြစ်ပါတယ်။
MFTB ဘဏ်ဟာ အမေရိကန်အခြေစိုက် Bank of America, ဗြိတိန်အခြေစိုက် Standard Chartered အပါအဝင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ဘဏ်စာရင်းဖွင့်ထားတဲ့ ကွန်ရက်အကြီးမားဆုံး ဘဏ်ကြီးဖြစ်တယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ငွေပေးချေမှုသာမက အစိုးရရဲ့ နိုင်ငံခြားငွေပေးချေမှုများကို ဝန်ဆောင်မှုပေးနေရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်က ဒီဘဏ်နှစ်ဘဏ်ကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်တယ်လို့ ဇွန်လ ၂၁ ရက် ညဦးပိုင်းက တရားဝင် ကြေညာပြီးတဲ့နောက်မှာ မြန်မာ့စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
“အမေရိကန်ရဲ့ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်က နစကရဲ့ နိုင်ငံခြားဝင်ငွေရရှိမှုနဲ့ ဘဏ္ဍာရေးစီးဆင်းမှုကို ထိန်းချုပ် ကန့်သတ်နိုင်ဖို့ ရည်ရွယ်တာပေါ့။ ဒီပိတ်ဆို့မှုကြောင့် နစကမှာ နိုင်ငံခြားဝင်ငွေရရှိမှု ထိခိုက်နိုင်တယ်။ အဲ့ဒီ့လိုပဲ ဒီဘဏ်နှစ်ခုနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ရတဲ့ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းတွေရော၊ သင်္ဘောသားဝင်ငွေတွေရော အားလုံး ထိခိုက်နိုင်တယ်” လို့ စီးပွားရေး လေ့လာသူတစ်ဦးက ပြောပါတယ်။
အခုနှစ်၊ ဖေဖော်ဝါရီလမှာ ပဲရစ်အခြေစိုက် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ကြေညာခဲ့တာကြောင့်လည်း ငွေပေးချေမှုတွေ ကြန့်ကြာနေတဲ့အချိန်မှာ အခုလိုမျိုး ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာခဲ့ပါတယ်။
ပိတ်ဆို့ခံရတဲ့ ဘဏ်နှစ်ခုဟာ နိုင်ငံခြားဘဏ်လုပ်ငန်း အထူးပြုလုပ်ကိုင်တဲ့ ဘဏ်ကြီးတွေဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီကဲ့သို့သော အဖွဲ့အစည်းတွေကတောင် ငွေစာရင်းတွေ ဖွင့်လှစ်ထားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ငွေကြေးစီးဆင်းမှုတွေလည်း အခက်တွေ့နိုင်တယ်လို့ သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် မဝင်ပေမယ့်လည်း အခုလိုမျိုး ဆန်ရှင်ထိတဲ့ကိစ္စက နိုင်ငံအတွင်းက ရှိပြီးသား အမေရိကန်ကုမ္ပဏီတွေရဲ့ ငွေကြေးလွှဲပြောင်းမှုမှာ အကန့်အသတ် ကြီးမားလာနိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ငွေလွှဲပြောင်းခြင်းနဲ့ ပစ္စည်းဝယ်ယူမှုအတွက် စင်္ကာပူကဲ့သို့သော နိုင်ငံတွေကို ကြားခံအသုံးပြုမှု ပိုမိုတွင်ကျယ်လာနိုင်တယ်လို့လည်း ဆိုကြပါတယ်။
“ဆန်ရှင်ကြောင့် ဒီရက်ပိုင်းအတွင်းမှာ မျှော်လင့်မထားနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်။ အခုက ဒေါ်လာတင်မက ဘတ်ဈေး၊ ယွမ်ဈေးတွေပါ တက်လာပြီ။ FATF ကလည်း အမည်ပျက်စာရင်းထည့်ထားတော့ ငွေတွေလွှဲရတာ ပိုပြီးဒုက္ခရောက်လာမယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်တာကို ဒေသတွင်း ဘဏ်တွေကတစ်ဆင့် ဆောင်ရွက်လို့ရဦးမယ် ဆိုပေမယ့် ဒေသတွင်းကနေ အမေရိကားကို လွှဲမယ်ဆိုရင်တော့ မရတော့ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်လိုနိုင်ငံမျိုးကလုပ်ရင် သက်ရောက်မှုကတော့ ရှိလာမှာပဲ”လို့ စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
အမေရိကန်ရဲ့ တရားဝင် ထုတ်ပြန်ချက် မထွက်မီကပင် ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းနဲ့ ပြည်တွင်းရွှေဈေး ခုန်တက်သွားတာ ဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ဟာ ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်နေပြီး ပြင်ပဈေး အမေရိကန်တစ်ဒေါ်လာ ၃၁၆၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတော့ တစ်ဒေါ်လာ ၂၉၀၀ ကျပ် ဝန်းကျင်နဲ့ ဈေးဖွင့်ထားခဲ့တာပါ။
ဒါ့အပြင် စင်္ကာပူတစ်ဒေါ်လာ ၂၃၄၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၈၉ ဒသမ ၇၄ ကျပ်နဲ့ တရုတ်ယွမ်ငွေ တစ်ယွမ်ကို ၄၄၀ ကျပ်ဝန်းကျင် စသဖြင့် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ထိုင်းဘတ်ငွေမှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တစ်ဘတ်ကို ၈၃ ကျပ်ဝန်းကျင်နဲ့ လည်ပတ်နေရာမှ ဇွန် ၂၇ ရက်မှာတော့ ၈၉ ကျပ်ကျော်ဝန်းကျင်အထိ ခုန်တက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းရွှေဈေးမှာလည်း အခုလ အစောပိုင်းက တစ်ကျပ်သား ကျပ် သိန်းသုံးဆယ်ကျော် ဝန်းကျင်နဲ့ တောက်လျှောက် ဈေးငြိမ်ခဲ့ရာကနေ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မယ့်သတင်း ထွက်လာတဲ့ ဇွန်လ ဒုတိယပတ်ကစလို့ ဈေးအလှုပ်အခတ် ဖြစ်လာခဲ့ပါတယ်။
ဇွန်လ ၁၄ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သား ၃၁ သိန်းတိတိနဲ့ ဈေးဖွင့်လာခဲ့ပြီးနောက် တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ရာမှာ ဇွန်လ ၂၇ ရက်မှာတော့ တစ်ကျပ်သား ၃၂၀၀၀၀၀ ကျပ် (သုံးဆယ့်နှစ်သိန်း) အထိ ဈေးတက်လာခဲ့ပါတယ်။ အဲ့ဒီ့လို အခေါက်ရွှေဈေး ဆက်တိုက်တက်နေတဲ့အတွက် ရွှေဆိုင်အများစုမှာ ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ အရောင်းအဝယ် ရပ်ထားပြီး အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
အခုလို ပြည်တွင်းရွှေဈေးတက်နေချိန် ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့တဲ့ နှစ်လတာကာလအတွင်းနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံးဈေးနဲ့ အကျဘက်ကို ရောက်နေတယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်းရွှေဈေး ကျပ် သုံးဆယ့်နှစ်သိန်းနီးပါးနဲ့ ဈေးဖွင့်ထားချိန်မှာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၉၂၀ ဒေါ်လာသာ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ပြည်တွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာမယ့် သဘောရှိပြီး ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်၊ အိမ်ခြံမြေစျေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါပြီ။
“ဒီဘဏ်ကြီးနှစ်ခုဟာ သာမန်လူတွေကြား မသိကြပေမယ့် စီးပွားရေးလောကအတွက် အရေးပါဆုံးဘဏ်တွေဖြစ်ကြပါတယ်။ နိုင်ငံခြားငွေလဲလှယ်ခြင်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချခြင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှု စတဲ့ ငွေကြေးတွေ အဓိကစီမံပါတယ်။ ပြည်ပပို့ကုန်အားလုံးနီးပါးဟာ ဒီဘဏ်နှစ်ခုကနေ စီးဆင်းတယ်လို့ဆိုပါတယ်။ ကျပ်ငွေကနေ ဒေါ်လာ၊ ယူရို လဲလှယ်ရာမှာ အဓိကကျတဲ့ ဘဏ်တွေဖြစ်ပြီး လုပ်ငန်းရှင်တွေ အဓိကမှီခိုရာ ဘဏ်တွေဖြစ်ပါတယ်။ ဗဟိုဘဏ်က ပြဿနာမရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံခြားငွေတွေ မြန်မာပြည်တွင်းဝင်ရောက်ဖို့ အများကြီး ပိုခက်ခဲသွားပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသာမက ဘတ်နဲ့ ယွမ်တို့ရဲ့ ငွေလဲနှုန်းတွေပါ မြင့်တက်လာတာကြောင့် ပြည်ပကတင်သွင်းလာတဲ့ ကုန်စည်တွေဟာ ဈေးနှုန်းအတက်ဘက်ကို ထပ်မံ ဦးတည်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံထဲကိုဝင်ရောက်နေတဲ့ ထိုင်းအလှကုန်၊ လူသုံးကုန်နဲ့ စားသောက်ကုန် ဈေးနှုန်းတွေ ထပ်မံ မြင့်တက်နေတယ်လို့ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ကုန်သည်တွေဆီက သိရပါတယ်။
“အခုက မျက်နှာသစ်ဆေး အနိမ့်ဆုံးတောင် ဘူးအသေးဆိုရင် ၃၀၀၀ ကျော်သွားပြီ။ အကြီးဆိုရင် ၉၀၀၀ ကျော်သွားပြီ။ ဂွမ်းထုပ်လေးနဲ့ နှုတ်ခမ်းနီတောင့်လေးကအစ ဈေးတက်နေတာ။ ရောင်းရတဲ့နေရာမှာလည်း အမြတ်နည်းသလို၊ ဝယ်သူတွေဆီမှာလည်း ဈေးကြီးနေတာပေါ့” လို့ အလှကုန်ပစ္စည်း ရောင်းဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ပြည်ပမှဝင်ရောက်လာတဲ့ ကုန်စည်တွေမှာ အလှကုန်သာမက စားသောက်ကုန် လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း အစရှိတဲ့ ကုန်စည်တွေအားလုံး အမြင့်ဈေးမှာပင် ဆက်လက် ဈေးနှုန်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။
“ဆောက်လုပ်ရေးပစ္စည်း ဈေးတွေ တော်တော်တက်နေတယ်။ သွပ်တစ်ပေကို ၇၀၀၊ ၈၀၀ လောက် တက်တယ်၊ သံတွေရော၊ ဘိလပ်မြေရော အကုန်ပဲတက်တယ်။ ရှေ့ရက်က လက်ခံထားတဲ့ ဈေးနဲ့ အခုတက်နေတဲ့ ဈေးနဲ့က အရှုံးပေါ်မှာလေ၊ မကိုက်ဘူး” လို့ တစ်နိုင်တစ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ငွေဈေးပြောင်းလဲမှုပေါ်မူတည်ပြီး ချိန်ဆကာ လုပ်ကိုင်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေတဲ့ ဈေးနှုန်း ပြောင်းလဲမှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
လက်တလောကာလမှာ ဒေါ်လာ၊ ဘတ်၊ ယွမ် အစရှိတဲ့ ငွေကြေးလဲလှယ်နှုန်းတွေ အတက်အကျမတည်ငြိမ်တဲ့အပြင် အရောင်းအဝယ်တွေကိုတောင် ရပ်ထားရတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ငွေဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပြည်ပကနေ ဝယ်ယူသုံးစွဲနေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်းတွေဟာ လက်ရှိမြင့်တက်နေတဲ့ဈေးထက် ပိုမိုမြင့်တက်လာနေတာကြောင့် အဆမတန် မြင့်တက်နိုင်တဲ့ အခြေအနေကို လုပ်ငန်းရှင်အချင်းချင်း ညှိနှိုင်းကာ ထိန််းညှိလုပ်ဆောင်နေရတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
“ထွက်ပေါက်ရှာဖို့ ခက်ခဲနိုင်တဲ့ ပြည်တွင်းလုပ်ငန်းတွေထဲမှာ လက်ခစားယူ ချုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေလည်း ပါနိုင်ပါတယ်။ ကုန်ကြမ်းယူတာ၊ ကုန်ချောပြန်ပို့တာ၊ ဝန်ထမ်းလစာပေးဖို့ စီစဉ်တာမှာ ငွေအလွှဲအပြောင်းများတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လုပ်သား အများအပြားရှိနေတဲ့ ကဏ္ဍတစ်ခုဖြစ်လို့ ဒီနယ်ပယ်က လုပ်ငန်းရှင်တွေလည်း ဒီပိတ်ဆို့မှုရဲ့ သက်ရောက်မှုကို စောင့်ကြည့်နေတယ်”လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။
ဌာနဆိုင်ရာနဲ့ ချိတ်ဆက်လုပ်ကိုင်ရတဲ့ လောင်စာနဲ့ စွမ်းအင်ကဏ္ဍ၊ သတ္ထုကဏ္ဍတွေလို လုပ်ငန်းကြီးတွေဟာ အခုနောက်ဆုံး အမေရိကန်ဒဏ်ခတ်မှုကြောင့် ပိုပြီးထိခိုက်လိမ့်မယ်လို့ အများစုက ခန့်မှန်းပါတယ်။
ဒါ့အပြင် အခုလိုမျိုး မြန်မာနိုင်ငံမှ ဘဏ်ကြီးနှစ်ခုကို အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုဟာ ထိုင်းစီးပွားရေးလုပ်ငန်းအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိလာနိုင်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက်လည်း ဆိုးကျိုးသက်ရောက်မှု ဖြစ်လာနိုင်တယ်လို့ ထိုင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ ဘဏ်နှစ်ခုအပေါ် အရေးယူပိတ်ဆို့မှုဟာ ထိုင်းနိုင်ငံစီးပွားရေးအတွက် တစ်နှစ်ကို ဘတ်ငွေ ၁၅၀ ဘီလီယံအထိ ထိခိုက်နိုင်ပြီး အာဆီယံနိုင်ငံတွေအားလုံးအတွက် နှစ်စဉ် ၁ ထရီလီယံအထိ ထိခိုက်နိုင်တယ်လို့ ထိုင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ဓာတ်ဆီ (ဒီဇယ်ဆီ)၊ ပလတ်စတစ်အစေ့၊ မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ အဓိက တင်ပို့ပြီး ထိုင်းနိုင်ငံပိုင် PTTEP ရဲ့ ရေနံတင်ပို့မှုတွေအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် အမေရိကန်အစိုးရက နစကနဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် ၈၀ ၊ ဌာနအဖွဲ့အစည်းနဲ့ ကုမ္ပဏီပေါင်း ၃၃ ခုကို ပစ်မှတ်ထား အရေးယူခဲ့ပေမယ့်လည်း ထိရောက်မှုမရှိခဲ့ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုထားပါတယ်။
ဒါပေမယ့် အခုတစ်ကြိမ် ဘဏ်နှစ်ခုအပေါ် အရေးယူဒဏ်ခတ်မှုဟာ အရင်အရေးယူမှုတွေထက် ကျယ်ပြန့်ပြီး စစ်ကောင်စီရဲ့ ငွေကြေးလွှဲပြောင်းမှုသာမက ပြည်သူတွေရဲ့ ကုန်သွယ်မှုကိုပါ ထိခိုက်လာနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
နစကရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပိတ်ဆို့ခံရတဲ့ ဘဏ်နှစ်ခုဟာ အမေရိကန်မှာ ဘဏ်စာရင်းဖွင့်လှစ်ထားခြင်း မရှိတဲ့အတွက် ငွေကြေးဆုံးရှုံးမှုမရှိသလို စိုးရိမ်စရာလည်း မရှိဘူးလို့ ဇွန် ၂၀ က ထုတ်ဖော် ပြောဆိုထားပါတယ်။
အရင်ကလည်း အခုလိုမျိုး ပိတ်ဆို့ခံရမှုတွေရှိခဲ့ပြီး လက်ရှိမှာ ဘဏ်တစ်ခုတည်းက နိုင်ငံခြားဘဏ်လုပ်ငန်းကို ဆောင်ရွက်ခြင်းမဟုတ်တဲ့အတွက် ငွေပေးချေမှုတွေကို ဆက်လက်ဆောင်ရွက်နိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ MFTB နဲ့ MICB အပါအဝင် မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဆိုတဲ့ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခု ရှိပါတယ်။
၁၉၈၈ ခုနှစ်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို အဆက်သွယ်ဖြတ်တောက်ပြီး အရေးယူပိတ်ဆို့မှုတွေ ကျင့်သုံးခဲ့စဉ်က နိုင်ငံပိုင်ဘဏ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့ ရှစ်လေးလုံးကာလအတွင်း ဘဏ်တွေကို ဝိုင်းဝန်း သပိတ်မှောက်မှုကြောင့် ဘဏ်ငွေလွှဲမှုအားလုံး ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ စီပွားရေးဒဏ်ခတ်မှုကိုပါ ခံခဲ့ရတာကြောင့် အကောင့်ထဲ ပိတ်မိနေတဲ့ ငွေကြေးတွေ ဒီနေ့တိုင် ပြန်တောင်းလို့ မရခဲ့ဘူးလို့လည်း သိရပါတယ်။
အဲ့ဒီ့အချိန်ကလည်း နိုင်ငံခြားငွေအကျပ်အတည်း အကြီးအကျယ်ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ၂၀၂၁ ခုနှစ်၊ တစ်ကျော့ပြန် နိုင်ငံရေး အပြောင်းအလဲကြောင့် ထပ်မံပြီး အမေရိကန်ရဲ့ အရေးယူခြင်း ခံလိုက်ရပြီဖြစ်ရာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက ကုန်ပစ္စည်းတွေကို တိုက်ရိုက် ဝယ်ယူလို့ မရနိုင်တော့တဲ့အထိ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အခုလိုမျိုး စီးပွားရေးပိတ်ဆို့မှု အကျပ်အတည်းတွေကို ဦးနေဝင်းရဲ့ မဆလအစိုးရလက်ထက်မှသည် ဦးသိန်းစိန်အစိုးရလက်ထက်အထိ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်က ဗဟိုစီးပွားရေး ချုပ်ကိုင်မှုစနစ်ဖြစ်တာကြောင့် ထိခိုက်မှု သက်သာခဲ့ပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ စီးပွားရေးတံခါးဖွင့်ပြီးချိန်မှ ကြုံကြိုက်ရခြင်းဖြစ်တာကြောင့် သက်ရောက်မှု ပိုမို ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။
စီးပွားရေးတံခါးဖွင့်အပြီး ဘဏ်လုပ်ငန်းအပါအဝင် နယ်ပယ်စုံမှာ စစ်တပ်နဲ့ ဆက်နွယ်သူတွေ၊ ခရိုနီတွေရဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ကြီးထွားလာပြီး အရေးယူပိတ်ဆို့မှုတွေကြောင့် အကျပ်အတည်းကြုံရမှာဖြစ်သလို တိုင်းပြည်စီးပွားရေးအပေါ်လည်း သက်ရောက်မှု ကြီးမားလာနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ကျဆင်းမှုကြောင့် လက်ရှိမှာ နိုင်ငံခြားငွေရှားပါးနေပြီး တိုင်းပြည်အတွင်းဝင်လာတဲ့ ဒေါ်လာတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ထိန်းချုပ်နေပါတယ်။
ဒါ့အပြင် နစကအနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဖြစ်လာနိုင်ချေကို ကြိုတင် တွက်ဆထားတဲ့အတွက် ဒါကို တန်ပြန်နိုင်ဖို့ ဒေါ်လာမဟုတ်တဲ့ တရုတ်ယွမ်၊ ရုရှားရူဘယ်နဲ့ အိန္ဒိယ ရူပီးတို့ကို တိုက်ရိုက်ပေးချေနိုင်ဖို့ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ပေးချေမှုတစ်ခုခုအတွက် အမေရိကန်ဒေါ်လာ အသုံးပြုပါက အမေရိကန်ရှိ ဘဏ်တစ်ခုမဟုတ်တစ်ခုကို ဖြတ်သန်းပြီးမှသာ ပေးချေနိုင်ပြီး အဲ့ဒီ့စနစ်ကို ကျော်လွှားနိုင်ဖို့လည်း ကြိုးစားနေခဲ့တာပါ။
တကယ်တမ်း ဒဏ်ခတ် အရေးယူမှုနဲ့ ကြုံရတဲ့အချိန်မှာလည်း အဲ့ဒီ့ဘဏ်နှစ်ခုဟာ အမေရိကန် အခြေစိုက်ဘဏ်၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိတာကြောင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘူးလို့ တုန့်ပြန်ထားတဲ့အပြင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကို ဒီဘဏ်နှစ်ခုက ဆောင်ရွက်တာမဟုတ်တာကြောင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားဘဏ်ခွဲတွေကတစ်ဆင့် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဇွန် ၂၂ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန် ကြေညာထားပါတယ်။
ဒါ့အပြင် အရင်ကလည်း အမေရိကန်က အဲ့ဒီ့ဘဏ်နှစ်ခုအပေါ် ဒဏ်ခတ် ပိတ်ဆို့ခဲ့ဖူးပေမယ့် ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့တယ်လို့လည်း ပြောဆိုထားပါသေးတယ်။ ဒါပေမယ့် လတ်တလောမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင်ကာကွယ်ဖို့ ဗဟိုဘဏ် အပါအဝင် ထိပ်တန်းလုပ်ငန်းရှင်တချို့ကိုခေါ်ယူပြီး ဒဏ်ခတ်မှုကို ထိန်းညှိတုန့်ပြန်ရေး အစည်းအဝေး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း ဗဟိုဘဏ်ရဲ့ အတွင်းသတင်းပေးတချို့ကနေ သိရပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေဟာ ၆ ဒဿမ ၇ ဘီလီယံရှိပေမယ့်ဒေါ်လာ တစ်ဘီလီယံကို အမေရိကန်က ထိန်းချုပ်ထားတဲ့အတွက် နိုင်ငံခြားငွေ ချွေတာနေရတယ်လို့လည်း သိရပါတယ်။
ဒါအပြင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက တောက်လျှောက် ကျဆင်းနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ရေရှည်မှာ အကျိုးသက်ရောက်မှုရှိလာပြီး အခုလို ပိတ်ဆို့ အရေးယူမှုတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အခုထက်ပိုပြီး နည်းသွားနိုင်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
NLDလက်ထက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ၂၀၂၀- ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီိယံ၊ ၂၀၂၁- ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၄ ဒဿမ ၉ ဘီလီယံ ရှိခဲ့ပေမယ့် နစကလက်ထက် ၂၀၂၂- ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံသာ ရရှိခဲ့တာပါ။ အဲ့ဒီ့ထဲက ရင်းနှီးမြှုပ်နှံမှု အများဆုံးကတော့ စင်္ကာပူနိုင်ငံဖြစ်ပြီး ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိကာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဒုတိယနဲ့ တတိယအများဆုံးပမာဏ ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့စာရင်းတွေအရ သိရပါတယ်။
အခုလို ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအသိုင်းအဝိုင်းမှာ နာမည်ပျက်သွားပြီး နစကဟာ နိုင်ငံခြားလုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ လက်ရှောင်ကြတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။
“အခုလိုပိတ်ဆို့မှုဟာ နစကအတွက် များစွာ အထိနာစေပြီး ပြည်သူတွေအနေနဲ့လည်း အခုထက်ပိုပြီး ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကြောင့် ဆင်းရဲကျပ်တည်းမှု ကြုံရဦးမှာပါ။ ဒေါ်လာဈေးဟာလည်း ရက်ပိုင်းအတွင်း ထပ်မံတက်သွားပါလိမ့်မယ်”လို့ စီးပွားရေးပညာရှင်က ပြောပါတယ်။
အမေရိကန်အနေနဲ့ကတော့ MFTB နဲ့ MICB တို့ကို စီးပွားရေးပိတ်ဆို့လိုက်တာဟာ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ရှာဖွေလျက်ရှိတဲ့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံမှုဖြစ်တယ်လို့ ဆိုထားပြီး ဒါကို အမေရိကန်ပြည်ထောင်စုက ဖြေလျော့ပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန် ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက ရုရှားကာကွယ်ရေးကဏ္ဍဆီ ခိုင်မာတဲ့ ငွေကြေးလွှဲပြောင်းပေးနိုင်မှုကို ထိန်းချုပ်ကန့်သတ်ခြင်းနဲ့ နစက က အကျပ်အတည်းကို ရှည်ကြာစေရန် ဆောင်ရွက်ရာမှာ နိုင်ငံတကာဘဏ္ဍာရေးစနစ်မှတစ်ဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်ဖို့ မိမိတို့ရဲ့ မိတ်ဖက်တွေအပြင် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်းမှ မဟာမိတ်တွေနဲ့အတူ ဆက်လက်ထိတွေ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရက နောက်ဆုံး ဒဏ်ခတ်အရေးယူလိုက်တဲ့ စာရင်းထဲမှာ မြန်မာကာကွယ်ရေးဝန်ကြီးဌာနလည်း ပါပါတယ်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းနဲ့ ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေကို အမိန့်ပေး၊ ညွှန်ကြားခဲ့တာမှာ မြန်မာကာကွယ်ရေးဝန်ကြီးဌာနက တာဝန်အရှိဆုံးဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ အခုဆိုရင် အမေရိကန်အစိုးရဟာ ပြည်တွင်းက လုပ်ငန်း (၃၀) လောက်နဲ့ လူပုဂ္ဂိုလ် အယောက် (၈၀) လောက်ကို ဒဏ်ခတ်အရေးယူထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်ငံပိုင်ဘဏ်နှစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ကျပ်ငွေတန်ဖိုး ပိုမို ကျဆင်းလာနေပါတယ်။ နစကအနေနဲ့ ဒါကိုကာကွယ်ဖို့အတွက် နိုင်ငံခြားငွေ ဈေးကစားခြင်း၊ တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းနဲ့ ငွေလွှဲဝန်ဆောင်မှုပေးခြင်းတို့ကိုအရေးယူတာအပြင် လိုင်စင်ရဘဏ်တွေနဲ့ သုံးစွဲသူတွေအကြား အွန်လိုင်းနဲ့ နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခြင်းတွေကိုပါ မူဝါဒအသစ်တွေနဲ့ တင်းကျပ်ထားပေမယ့် ဒေါ်လာငွေလဲနှုန်းနဲ့ ရွှေဈေးကတော့ အတက်ဘက်ကိုသာ ဦးတည်လာနေပါတယ်။
ဒါကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းလာမှာကို စိုးရိမ်လို့ ငွေလဲလှယ်သူအချို့က ဒေါ်လာရောင်းချခြင်းကိုဆိုင်းငံ့ထားတယ်လို့ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။
ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာ စောင့်ကြည့်သူတွေကတော့ နိုင်ငံခြားငွေ လွတ်လပ်စွာသုံးစွဲခွင့်နဲ့ ပြည်ပအဝင်အထွက် နိုင်ငံခြားငွေကြေးကို သေသေချာချာ စိစစ်လိုက်ရင်တော့ အခုလို ရွှေနဲ့ ငွေဈေး မြင့်တက်နေတာတွေကို အထိုက်အလျောက် ဖြေရှင်းနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကတော့ လက်ရှိမှာ ၂၁၀၀ ကျပ်သာ သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ဗဟိုဘဏ်ကဦးဆောင်ပြီး AD လိုင်စင်ရဘဏ်တွေ၊ သုံးစွဲသူတွေအကြားနဲ့ သုံးစွဲသူတွေအချင်းချင်းအကြားရောင်းဝယ်ခြင်းကို Online trading အစီအစဉ်နဲ့ စတင်ဆောင်ရွက်ခဲ့ကာငွေလဲလှယ်နှုန်းမှာ ကျပ် ၂၉၂၀ /၂၉၂၂ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ဇွန်လ ၂၃ ရက်နေ့ကစလို့ ပြည်တွင်းငွေလဲနှုန်းတွေဟာ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဖြစ်လာနေပြီး ဘဏ်နှစ်ခု ပိတ်ဆို့ အရေးယူခံရတဲ့ ဂယက်ကြောင့် ကနဦးအနေနဲ့ ပြည်ပကတင်သွင်းနေတဲ့ စက်သုံးဆီဈေး၊ စားသုံးဆီဈေး၊ ကုန်ပစ္စည်းဈေးတွေနဲ့ အခြေခံ စားသောက်ကုန်တွေကဲ့သို့သော ပစ္စည်းဈေးတွေ အဆမတန် မြင့်တက်လာနိုင်တယ်လို့ ကုန်သည်အသိုင်းအဝိုင်းက တညီတညွတ်တည်း ပြောဆိုနေကြတာလည်း ရှိပါတယ်။ ။
#voiceofmyanmar #VOM #ဘဏ်နှစ်ဘဏ်အရေးယူခံရမှု #စီးပွါးရေးကဏ္ဏ