ကျုံအိတ်တံတားပျက်စီးမှုကို လာကြည့်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံးကာ ၊၂၀ ကျော် ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၃
GG + KK (VOM)

မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ် ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတာကို လာစစ်​ဆေးတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ ထပ်မံ ပစ်ခတ်ခံရပြီး ဦးစီးမှူးအပါအဝင် ၂ ယောက်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီနေ့ ဇွန် ၂၉ ရက် မနက် ၄ နာရီကျော်လောက်မှာ ကျုံအိတ်တံတား မိုင်းခွဲခံရပြီး တံတားက ပျက်စီးသွားခဲ့တာဖြစ်ကြောင်း၊အဲ့ဒီနောက် မနက် ၇ နာရီကျော်လောက်မှာ တံတားပျက်စီးမှုကို လာကြည့်တဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပါ ထပ်မံတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လမ်းဦးစီးမှူးနဲ့နောက်ထပ်တစ်ယောက် သေတယ်၊ စစ်သားတွေရော ရဲတွေရော မီးသတ်တွေရော ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ရာထူးကြီးတဲ့သူတွေပါတယ်”လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VOM ကိုပြောပါတယ်။

ဒဏ်ရာရသူကတော့ တပ်မတော်သား ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ထွေ/အုပ်ဝန်ထမ်း ၁ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး၊ ရွှေသံလွင်ဝန်ထမ်း ၂ ဦး စုစုပေါင်း ၂၇ ဦးဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

” ကား ၂ စီးပြုတ်ကျတယ်။သူတို့က တံတားမိုင်းခွဲခံရတာမသိဘဲ မောင်းရင်းကနေ ပြုတ်ကျတာပေါ့။ တံတားက ပွင့်ထွက်ပြီးကို ပျက်စီးသွားတာ၊ တာဝန်ရှိသူတွေကတော့ ဘေလီတံတားထိုးမယ်လို့ပြောနေတာပဲ။အခုကတော့ ကားလေးပဲသွားလို့ရတဲ့အနေအထားပါ။တံတားပျက်တာကိုလာစစ်တဲ့ အုပ်ချုပ်ရေးမှူး၊ရဲ၊စစ်သားတွေပါထပ်ပစ်ခံရလို့ ဆေးရုံပို့လိုက်ရတယ်”လို့ ဒေသခံတစ်ဦကပြောပါတယ်။

ကျုံအိတ်တံတားက အလျား (၉၅)ပေ၊ အကျယ်(၃၆)ပေရှိတဲ့ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး လက်ရှိဖျက်ဆီးခံရမှုကြောင့် တံတားက ကျိုးကျပြီးပျက်ဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် ရန်ကုန်​ နဲ့ အခြားဒေသတွေကနေ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနင်္သါရီတိုင်းကို လာရောက်သူအားလုံး လမ်းပိတ်ဆို့နေပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သါရီဘက်ကလည်း ထွက်လို့အဆင်မပြေဘဲ ပိတ်နေတယ်လို့သိရတယ်။

လက်တလော ရန်ကုန်-မော်လမြိုင်လမ်းမကြီးမှာ ယာဥ်ငယ်တွေသာ သွားလာနိူင်ပြီး ကုန်တင်ယာဥ်တွေကတော့ သွားလာလို့မရတာကြောင့် ပိတ်ဆို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဘီလင်း #တံတားမိုင်းခွဲခံရမှု #လူသေဆုံးထိခိုက်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW