ခေါ်ယူဆွေးနွေးခံနေရတဲ့ ရွှေလုပ်ငန်းရှင်တချို့ကို ဒီနေ့အထိ ပြန်မလွှတ်‌သေးဘူးလို့ သိရ

ဇွန် ၂၉ – ၂၀၂၃
SN (VOM)

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေတာနဲ့ပတ်သက်လို့ ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်၊ မနက်ပိုင်းကတည်းက ခေါ်ယူဆွေးနွေးနေတာမှာ ရွှေလုပ်ငန်းရှင်တချို့ကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ရန်ကုန်တိုင်းက ရွှေလုပ်ငန်းရှင် အယောက် (၂၀) ဝန်းကျင်နဲ့ မန္တလေးတိုင်းက ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင် (၁၂)ယောက်ကို သက်ဆိုင်ရာက ဇွန် ၁၅ ရက်၊ မနက် ၁၁ နာရီဝန်းကျင်ကတည်းက ခေါ်ယူဆွေးနွေးနေတာဖြစ်ပြီး လက်ရှိ အချိန်နှစ်ပတ်တာ ကြာမြင့်တဲ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

“အခုထိတော့ မလွှတ်သေးဘူး။ ဒီလိုပဲ ခေါ်ယူစစ်ဆေးနေဆဲပဲ။ ယတိပြတ်တော့ သက်ဆိုင်ရာဘက်က ဘာမှ မပြောသေးဘူး။ လွှတ်မလား၊ ဖမ်းလိုက်မလားဆိုတာကိုလည်း မသိရသေးဘူး။ အဲ့ဒါကိုတော့ စောင့်ကြည့်နေကြတာပေါ့” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ မန္တလေးမှာရှိတဲ့ ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတချို့ကို သွားရောက် စစ်ဆေးခဲ့ပြီး ပြည်ပနဲ့ တရားမဝင် နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ် အထောက်အထားတွေ တွေ့ရတာကြောင့် လူ ၅၁ ဦးနဲ့ ကုမ္ပဏီတစ်ခုကို ဥပဒေအရ အရေးယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေအတွက် တရားမဝင် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းတွေ ပြုလုပ်နေသူတွေနဲ့ ကုမ္ပဏီနှစ်ခုကိုလည်း အရေးယူဖို့ ဆောင်ရွက်နေပြီး သူတို့ကို ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ဖော်ထုတ်အရေးယူခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ရန်ကုန်ရော၊ မန္တလေးရော၊ ရွှေသမားတွေရော၊ ဒေါ်လာသမားတွေရော၊ အယောက် ၅၀ လောက်ရှိမယ်။ အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း သိရတယ်။ သူတို့တွေကို ပြန်မလွှတ်မချင်းကတော့ ဘယ်သူမှ အရောင်းအဝယ်မလုပ်ရဲဘူးပေါ့။ ဒီလိုပဲ ခိုးကြောင်ခိုးဝှက်နဲ့ နည်းနည်းပါးပါးပဲ အလုပ်ဖြစ်ပါတယ်။ လက်ရှိ အရောင်းအဝယ်က အရမ်းခက်ခဲတဲ့ အနေအထားဖြစ်နေပါတယ်။ အခုက ရောင်းချင်လည်းခက်တယ်၊ ဝယ်ချင်လည်းခက်တယ်၊ အဲ့ဒီလိုဖြစ်နေတယ်” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇွန် ၂၉ ရက်နေ့မှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ရွှေဈေးနှုန်းကတော့ ၃၂ သိန်း ၃ သောင်း ဝန်းကျင်ဖြစ်ပြီး လက်ရှိမှာ အရောင်းအဝယ် မရှိသလောက်ဖြစ်နေတဲ့ အနေအထားမျိုးဖြစ်တယ်လို့ သိရပါတယ်။

“ဘဏ်နှစ်ဘဏ်ပိတ်လိုက်တဲ့သတင်း စထွက်ချိန်တုန်းကလည်း ‌ပြည်တွင်းရွှေဈေးက ရုတ်တရက် ၃၃ သိန်းနား ကပ်သွားတယ်။ အခုတော့ ပြန်ကျပါတယ်၊ ၃၂ သိန်း ၃ သောင်းလောက်ရှိတယ်။ ရွှေဈေးကတော့ ထပ်တက်နိုင်ချေတော့ မရှိသေးဘူး။ အခုလက်ရှိဈေး ၃၂ သိန်း ၃ သောင်းဆိုတော့ ၃၂ နဲ့ ၃၃ ကြားပေါ့၊ ဒီဝန်းကျင်လောက်နဲ့ပဲ သွားမှာပါ။ အခု ခေါ်စစ်နေတဲ့သူတွေကို ပြန်လွှတ်လိုက်ရင်တော့ ဈေးကွက် ပြန်ကောင်းသွားမယ်လို့ ထင်ပါတယ်”လို့ သူက ပြောပါတယ်။

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပြင် တခြားသော အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ရွှေဆိုင်တွေဆီ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် အခုလို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်လာခြင်းဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဈေးကွက်ကဏ္ဌ

Related posts

Leave a Comment

VOM News

FREE
VIEW