ဇူလိုင် ၁၁၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်နဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့ကြားရှိ နမ့်တောင်းရွာမှာ ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီကျော်ခန့်က ရွာအဝင် ဆိုင်းဘုတ်နားမှာ TNLA စစ်သားတွေ ပစ်ခတ်ခံရလို့ ၂ ဦး သေဆုံးကြောင်း မျက်မြင်ဒေသခံတွေဆီက သိရပါတယ်။
“ကျွန်တော်တို့ ဖြတ်လာတော့ ပလောင်စစ်သား ၂ ယောက် လမ်းပေါ်မှာ ပစ်ခံထားရတာ။ သေလားရှင်လားတော့ မသိဘူး။ အဲဒီအချိန်တော့ ဘယ်သူမှ လာမကောက်သေးဘူး၊ TNLA စစ်သားတွေ စောင့်နေကျ ၁၀၅ မိုင် ဘက်ကနေ နမ့်တောင်းရွာအဝင် ဆိုင်းဘုတ်နားမှာ ပစ်ခတ်ခံရတာ။” လို့ လမ်းသွားလမ်းလာ ၁ ဦး က ပြောပါတယ်။
နမ့်တောင်း ဒေသခံ ၁ ဦးကလည်း “ရွာဆိုင်းဘုတ် လုပ်ထားတဲ့နေရာနားမှာ ပလောင်စစ်သားတွေ ပိုက်ဆံ ကောက် ကောက်နေတာလေ။ အဲဒါကို လာပစ်သွားတာ။ တယောက်သေတယ်၊ အဲ့ဒီအဖွဲ့က ၁၀၅ မိုင်ဘက်ကနေ ကျောက်တင်တဲ့ကားနဲ့ လာပြီး ရုတ်တရက် ဝင်ပစ်သွားတာ၊ အလောင်း ၁ လောင်းကိုတော့ ဆိုင်ကယ်နဲ့ သယ်သွားပြီး နောက်ထပ်တလောင်းကို ဝါးလုံးနဲ့ မ သွားတယ်၊ အဲ့ဒီတယောက်ကတော့ သေလား ရှင်လား မသိဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် အဲဒီ ရွာအဝင်နားက အမျိုးသမီး ၁ ဦးရဲ့ခေါက်ဆွဲဆိုင်မှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဆိုင် ပျက်စီးသွားပေမယ့် လူသူ ထိခိုက်မှုတော့ မရှိဘူးလို့ သူက ရှင်းပြပါတယ်။
အဲဒီ လမ်းကြောမှာ ပိုက်ဆံကောက်ခံနေတာ လနဲ့ချီ ကြာနေပြီဖြစ်တာကြောင့် ဒေသခံတွေက ထိတွေ့တိုက်ပွဲဖြစ်ပွားလာမှာကို အရင်ကတည်းက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
Photo Crd-Original Uploader
#voiceofmyanmar #VOM #မူဆယ်