ဂက်စ်မရလို့ အခက်ပွေနေရပြန်တဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝ

SN (VOM)

အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့အခါမှာ YBS ယာဉ်လိုင်းကလည်း မရှိမဖြစ် အခန်းကဏ္ဍက ပါဝင်လို့ နေပါတယ်။

လိုရာခရီးရောက်နိုင်ဖို့၊ လုပ်ငန်းခွင်ကို အချိန်မီ ဝင်ရောက်နိုင်ဖို့၊ အိမ်ပြန်ခရီး အဆင်ပြေချောမွေ့စေဖို့အတွက် အခြေခံလူတန်းစားတွေဟာ သက်ဆိုင်ရာ YBS ယာဉ်တွေကို ရွေးချယ်ပြီး နေ့စဉ် စီးနင်း သွားလာနေရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ YBS ယာဉ်အများစုဟာ သက်ဆိုင်ရာ ယာဉ်လမ်းကြောတွေမှာ ပြေးဆွဲမောင်းနှင်ဖို့ထက် ဂက်စ်ဆိုင်တွေမှာပဲ အချိန်တွေ ကုန်ဆုံးနေရတာကြောင့် ခရီးသွားပြည်သူတွေဟာလည်း လိုရာခရီးကို အချိန်မီ ရောက်ရှိနိုင်ဖို့ ကားမှတ်တိုင်အသီးသီးမှာ မျှော်တလင့်လင့် စောင့်စားနေကြရင်း အချိန်ကုန်တွေ အလဟဿ ကုန်ဆုံးနေကြရပါတယ်။

အဲ့ဒီ့လို အခုရက်ပိုင်းထဲ YBS ကားတွေ အထွက်နည်းနေတာကြောင့် ခရီးသည်ဦးရေနဲ့ ကားအစီးရေ မမျှတတဲ့အတွက် ကားတွေကျပ်လာတယ်လို့ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“လိုင်းကားက တစ်ခါစောင့်ရင် ၂ နာရီနီးပါးကြာတယ်။ လာပြန်တော့လည်း ကားပေါ်မှာ လူတွေကပြည့်ကျပ်နေတာ ခြေချစရာတောင်မရှိဘူး။ ကားကြောကပြတ်တော့ လာတဲ့ကားပေါ်တိုင်း လူတွေပြည့်ကျပ်နေတာပဲ။ မှတ်တိုင်တွေတိုင်းမှာလည်း လိုင်းကားစောင့်နေတဲ့ လူတွေက အများကြီးပဲ။ အခုအချိန်က မိုးတွင်းကြီးလည်းဖြစ်တော့ မှတ်တိုင်မှာ အချိန်အကြာကြီး လိုင်းကားစောင့်နေရတာက လွယ်တော့တကယ်မလွယ်ဘူး”လို့ ကျောက်တံတားမြို့နယ်မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက သူ့လက်ထဲရှိ ဖုန်းကနာရီလေးကိုကြည့်ရင်း ခပ်ညည်းညည်းလေး ပြောပါတယ်။

YBS ယာဉ်လိုင်းတွေအနေနဲ့ ဂက်စ်မရတဲ့ အခြေအနေနဲ့ ပြန်လည်ကြုံတွေ့နေရတာကြောင့် ယာဉ်အစီးရေ အပြည့် မထွက်နိုင်ကြဘူးလို့လည်း သိရပါတယ်။ ဂတ်စ်ထည့်တဲ့နေရာမှာ အချိန်ကြာမြင့်စွာ တန်းစီနေရတဲ့အတွက် ပုံမှန်ထွက်နေကျ ကားအစီးရေအောက် လျော့နည်းကာ အလှည့်ကျထွက်ပေးနေရတာဖြစ်တယ်လို့ YBS ယာဉ်မောင်းအသိုင်းအ၀ိုင်းက သတင်းအတည်ပြု ပြောကြပါတယ်။

ဂက်စ်ဖြည့်ဖို့အတွက် မနက်ပိုင်းမှ စတင်ကာ ညနေပိုင်းလောက်အထိ တန်းစီ စောင့်ဆိုင်းနေကြရတာရှိသလို ညအိပ်စောင့်ဆိုင်းပြီး ဂက်စ်ဖြည့်ကြရတာလည်း ရှိတယ်လို့ သိရပါတယ်။

ဂက်စ်တွေ မသန့်တာ၊ လိုင်းပရက်ရှာကျတာ၊ လျှပ်စစ်မီး မမှန်တာအပြင် မီးကိုအချိန်စနစ်နဲ့ ပေးတာတွေကြောင့် ဂက်စ်ဖြည့်တင်းရာမှာ အချိန် အနည်းဆုံး ၂ နာရီလောက်ကနေ စတင် ကြာမြင့်တတ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ ဂက်စ် မသန့်တာ၊ လိုင်းပရက်ရှာကျတာ၊ မီးမမှန်တာအပြင်ကိုမှ မီးကို အချိန်စနစ်နဲ့ ပေးတာတွေကြောင့် တချို့ညအိပ်စောင့်ပြီး ဂက်စ်ဖြည့်ရတဲ့ အခြေအနေတွေရှိတယ်။ အဓိကကတော့ မီးမမှန်တာပေါ့။ မီးမမှန်တော့ pressure လည်းမပြည့်ဘူး။ pressure မပြည့်တော့ ကားက အမောင်းမခံဘူး။ အခုက မိုးတွင်းကြီးတောင်မှ မီးကမမှန်ဘူး ဖြစ်နေတာလေ။ ပျက်နေတာကများနေတယ်။ လာချိန်တောင်မှ အပြည့်မလာနိုင်ဘူး။ မိုးတွင်းရောက်မှ မီးက အခြေအနေ ပိုဆိုးနေတယ်။ နွေရာသီမှာတောင်မှ လာရမယ့်အချိန် များသောအားဖြင့် မီးက မှန်ခဲ့သေးတာပဲ။ မိုးတွင်းဆို ပိုပြီး မီးမှန်သင့်တာပေါ့။ ဒါပေမယ့် မိုးတွင်းရောက်မှ မီးက ပိုဆိုးနေတော့တာ။ အဲ့တော့ တောက်လျှောက် မီးခိုးကြွက်လျှောက် အကုန် ဒုက္ခရောက်တာပဲ” လို့ YBS ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ CNG ဂက်စ်ဖြည့်နိုင်တဲ့ ဆိုင်ပေါင်း ၃၀ နီးပါးရှိပြီး ဂက်စ်ဖြည့်တင်းတဲ့ ပန့်တွေဟာ လျှပ်စစ်မီး အသုံးပြုရတာဖြစ်တဲ့အတွက် လျှပ်စစ်မီး အချိန်မမှန်တာကြောင့် အခုနောက်ပိုင်း ရန်ကုန်မြို့အတွင်းက ဂက်စ်ဆိုင်တိုင်းမှာ ရှည်လျားလှတဲ့ ကားတန်းကြီးကို တွေ့မြင်နိုင်ပြီး ဂက်စ်တန်းစီရတာဟာ အပိုအလုပ်တစ်ခုလို ဖြစ်လာနေပါတယ်။

အချိန်ကုန်၊ လူပန်း၊ ဝင်ငွေလျော့ကျလာတဲ့ အခက်အခဲတွေကို CNG ကားသမားတိုင်း ကြုံတွေ့ခံစားနေကြရတာပါ။ လက်ရှိ ပုံစံအတိုင်းဆိုရင်တော့ CNG ကားသမားတွေအတွက် ရေရှည်မှာ မလွယ်ကူနိုင်ဘဲ ခက်ခက်ခဲခဲ ရုန်းကန်လာရဖို့ရှိနေပါတယ်။

တစ်ရက်ဆိုရင် မင်္ဂလာဒုံ၊ ပုလဲဂက်စ်ဆိုင်ကနေ တန်းစီနေတဲ့ ကားတန်းက အမှတ်(၃)လမ်းဆုံအထိ ရောက်နေသလို ကြက်/ဘဲဈေးအနီးရှိ ဂက်စ်ဆိုင်မှာ တန်းစီထားတဲ့ ကားတန်းဟာလည်း ပုဇွန်တောင်-ဒေါပုံ ချိတ်ဆက်ထားတဲ့ ဂျပန်တံတားပေါ်အထိ ရောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီ့ အကွာအဝေးဆိုရင် ဂျပန်တံတားပေါ် ရောက်နေတဲ့ကားဟာ ဂက်စ်ရနိုင်ဖို့အတွက် အနည်းဆုံး ၃/၄ နာရီလောက် ကြာမြင့်သွားနိုင်ပါတယ်။

“ဆိုင်တွေတော်တော်များများမှာက မီးစက်တွေရှိပေမယ့် မီးစက်ကလည်း ၁၀ လုံးရှိရင် ၅ လုံးလောက်က ပျက်နေတော့ အလုပ်မဖြစ်ဘူး။ အဲ့တော့ မီးလာမှပဲ ဂက်စ်က ပြန်ရတာ။ ဂက်စ်တွေ အချိန်မီမရတဲ့အတွက် လမ်းပေါ်မှာ YBS နည်းလာတယ်၊ ခရီးသည်တွေလည်း ကားတစ်စီးရောက်လာဖို့ အချိန်ကြာအောင် စောင့်နေရတာမျိုးဖြစ်လာတယ်။ အခုလို အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရတာတွေက မီးမမှန်တာအပြင် ဆိုင်တွေမှာ ရှိတဲ့ မီးစက်တွေ မကောင်းတာလည်း ပါတယ်” လို့ YBS ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အရင်က လျှပ်စစ်မီး ပြတ်တောက်နေတဲ့ အချိန်တွေမှာ မီးစက်နဲ့ CNG ဖြည့်သွင်းပေးခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ CNG ဆိုင်တွေအနေနဲ့ မီးစက် မလုံလောက်မှုပြဿနာ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့ ပြဿနာတွေကြောင့် ဂက်စ်ဖြည့်သွင်းပေးနိုင်ခြင်း မရှိတော့ဘဲ လုံးဝ ရပ်နားပစ်လိုက်တာတွေလည်း ရှိလာနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ယာဉ်လိုင်း ၁၁၆ လိုင်းမှာ CNG အသုံးပြု ပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေ ၅၀၀၀ ကျော်ရှိနေပြီး ခရီးသည် ၁၃ သန်းကျော်ကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ကတော့ ဆိုင်ပေါင်း ၄၂ ဆိုင် ရှိပြီး ၃၂ ဆိုင်မှာ CNG သုံး အိမ်စီးကားနဲ့ တက္ကစီ အငှားယာဉ်တွေ အပါအဝင် YBS ခရီးသည်တင်ယာဉ်တွေပါ ဂက်စ်ဖြည့်သွင်းနိုင်ပါတယ်။ YBS ယာဉ်တွေ သီးသန့် ဖြည့်သွင်းခွင့်ရှိတဲ့ဆိုင်တွေကတော့ ဆိုင်ပေါင်း ၂၀ ခန့်သာရှိတယ်လို့ သိရပါတယ်။

“တချို့ကားတွေက ဒီနေ့မနက်ပိုင်းတန်းစီရင် မနက်ဖြန်မှ ရတယ်။ တချို့ ယာဉ်လိုင်းတွေကျ တန်းသာစီနေရတာ ဂက်စ်ရမလား၊ မရလားလည်း မသိဘူး။ အဲ့ဒီတော့ ယာဉ်လိုင်းတွေမှာ ယာဉ်အပြည့်မထွက်နိုင်ဘူးဖြစ်နေတာ။ ဂက်စ်ရတဲ့ကားတွေလောက်သာ ထွက်နိုင်လို့ လမ်းကြောင်းပေါ်မှာ ကားမရှိဘူး ဖြစ်နေတာ” လို့ နောက်ထပ် YBSယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အရင်က ရန်ကုန်တိုင်းအတွင်းရှိ CNG အရောင်းဆိုင်တွေကို မနက် ၅ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မနက် ၅ နာရီကနေ ည ၁၀ နာရီခွဲအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် CNG တန်းစီနေကြတဲ့ ကားတန်းကြီးကတော့ လျော့သွားခြင်း မရှိသေးဘဲ ကားသမားတွေ အချိန်ပေး စောင့်ဆိုင်းနေကြရတာကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနရဲ့ ပြောကြားချက်တွေအရ တစ်ရက်ကို CNG ကုဗသန်းပေါင်း ၁၈ သန်းကျော်အထိ ရောင်းချပေးနေတယ်လို့ သိရှိရပေမယ့်လည်း ကားသမားတွေအတွက် CNG ရရှိရေးဟာ တစ်နေ့တစ်ခြား ပိုမိုခက်ခဲလာနေတာကို မျက်မြင် တွေ့ရှိနေရပါတယ်။

CNG ပြဿနာကို YBS ယာဉ်မောင်းတွေသာမကဘဲ တက္ကစီ အငှားယာဉ်မောင်းတွေလည်း ကြုံတွေ့ခံစားနေကြရတာဖြစ်ပြီး CNG အခက်အခဲကြောင့် ဆိုင်မှာ တန်းစီနေရတာနဲ့တင် အချိန်ကုန်နေရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

အရင်က ဂက်စ်တန်းစီရင် အချိန် နှစ်နာရီ၊ သုံးနာရီလောက်သာ ကြာမြင့်ကာ ဂက်စ်ကိုလည်း လိုသလောက် ဝယ်ယူလို့ရခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်နေကုန်ကြာတဲ့အထိ တန်းစီရနေရပြီး ဂက်စ်ကိုလည်း လိုသလောက်မရဘူးလို့ သိရပါတယ်။

“လျှပ်စစ်မီး လုံလုံလောက်လောက် မရရင် ကားတွေ CNG ဖြည့်ရင် Pressure မပြည့်ဘူး။ Pressure မပြည့်ရင် အမောင်းမခံဘူး။ အရင်ကဆို ကျွန်တော်တို့ တက္ကစီတွေအတွက် ဆိုင်တိုင်းမှာ တစ်ပေါက် သီးသန့်ရှိတော့ အချိန်ကမကြာဘူး။ ရွှေပြည်သာကွေ့၊ လှော်ကား၊ ထောက်ကြံ့မြို့ရှောင်လမ်း၊ ထောက်ကြံ့ ရွှေညောင်ပင်ဆိုင်၊ သန်လျင် အမှတ် (၂) ဆိုင်တွေမှာ အခုဆို တက္ကစီတွေအတွက် တစ်ပေါက်သီးသန့် ထားမပေးတော့ဘူး။ အဲ့ဒီတော့ ဂက်စ်တန်းနေရတာနဲ့တင် အချိန်ကုန်နေတော့ ကားဆွဲရတယ်လို့ကို မရှိဘူး။ တစ်နေ့တစ်နေ့ အုံနာကြေးပေးနိုင်အောင်ပဲ မနည်း ကြိုးပမ်းရတာ။ ဂက်စ်က ဖြည့်ပြီးရင်လည်း တစ်နေကုန် အမောင်းမခံဘူး။ ကျွန်တော့ကား ၇၀ အိုးက ပုံမှန်ဆို ၄ နာရီလောက် အသာလေးအမောင်းခံတယ်။ အခုက ၂ နာရီလောက် မောင်းပြီးရင် မရတော့ဘူး။ ဂက်စ်ထပ်တန်းရရော။ တစ်နေ့ကို နှစ်ခါလောက် ဂက်စ်တန်းနေရတယ်။ အဲ့ဒီမှာ မီးကမလာတဲ့အချိန်နဲ့တိုးရင် ပိုဆိုးရော”လို့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

လတ်တလော ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အချိန်ကြာမြင့်စွာ မီးပျက်နေရခြင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor နှစ်လုံး အရေးပေါ် ပြုပြင်ရခြင်းကြောင့် ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ သိရပါတယ်။

ဒါ့အပြင် အမေရိကန်က မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့သတင်းကြောင့် ဂက်စ်ဝယ်မရတော့ဘဲ အခက်အခဲဖြစ်တွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒီသတင်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က တာဝန်ရှိသူဆီ ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေးရှိနေတာကြောင့် လက်ခံဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော် ပြေးဆွဲနေပြီး နေ့စဉ်လူဦးရေ သိန်းနဲ့ချီကာ သွားလာရေးအတွက် YBS ယာဉ်တွေကို အဓိကထား အသုံးပြုနေရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ ရန်ကုန်မြို့မှာ CNG ပြတ်လပ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး ဒီအခက်အခဲတွေကြောင့် မှတ်တိုင်တွေမှာ ခရီးသည်တွေ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသလို ပြေးဆွဲတဲ့ ကားတွေလည်း တံခါးပိတ်မရတဲ့အထိ ခရီးသည်တွေ ပြည့်လျှံခဲ့ရပါတယ်။ ဒီလို CNG ဓာတ်ငွေ့သုံး YBS ဘတ်စ်ယာဥ်တွေ မပြေးဆွဲနိုင်တဲ့ အချိန်တွေမှာ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ရန်ကုန်မှာရှိတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ လိုရာခရီးကို လိုက်လံကူညီ ပို့ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း အရင်က ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့က သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာတွေ၊ YBS ယာဉ်လိုင်းတွေ အရင်လို ခေါက်ရေအပြည့် ပြေးဆွဲမပေးနိုင်တာတွေ၊ ယာဉ်တစ်စီးနဲ့တစ်စီး အသွားအလာကြဲတာတွေကြောင့် နေ့စဉ် ရုံးတက်၊ ရုံးဆင်းချိန်တွေဆို ကားမှတ်တိုင်တွေမှာ ခရီးသွားပြည်သူတွေ စုပုံနေတာကိုကြည့်ရင် ဒါဟာ လျှပ်စစ်မီးနဲ့ CNG အခက်အခဲပြဿနာ‌ရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာရတဲ့ အကျိုးဆက် ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။

CNG ပြဿနာဟာ လက်ရှိမှာ လွန်စွာအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ရှိနေပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနအနေနဲ့ ဒီပြဿနာတွေကို လျော့နည်းအောင် ဘယ်လိုဖြေရှင်း ဆောင်ရွက်မလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #CNGဂတ်စ်ပြဿနာ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW