ဗုဒ္ဓဂါယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း အားလုံး တစ်လအတွင်း မှတ်ပုံတင် လျှောက်ရမယ်

ဇူလိုင် ၂၆ – ၂၀၂၃
GG (VOM)

ဗုဒ္ဓဂါယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ပြည်တွင်းက ခရီးသွားကုမ္ပဏီအားလုံး တစ်လအတွင်း မှတ်ပုံတင်တွေ လျှောက်ထားရမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းUMTAက သိရပါတယ် ။

ဒါ့ကြောင့် လိုင်စင်ရှိပြီးသားကုမ္ပဏီတွေလည်း မှတ်ပုံတင်သက်တမ်းတိုးဖို့လိုအပ်ပြီး လုပ်ငန်း လိုင်စင် မရှိသူတွေက မှတ်ပုံတင်လျှောက်ဖို့လိုကြောင်း ၊ အကယ်၍ တစ်လအတွင်း မှတ်ပုံတင် ခြင်းမလုပ်ပါက ဗုဒ္ဓဂါယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

“အဟောင်းတွေက သက်တမ်းတိုးတာပါ ၊ အသစ်တွေက မှတ်ပုံတင်ရမှာပါ ပုံမှန်အားဖြင့်တော့ ဟိုတယ်ခရီးကနေ Outboundလိုင်စင်ရှိရပါမယ် ၊ ပြီးရင် ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီမှာ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရပါတယ်။အဟောင်း သက်တမ်းတိုးရော ၊ အသစ်မှတ်ပုံတင်ရော အခုတစ်လအတွင်းမှာ ဆောင်ရွက်ရပါတယ် ။ နောက်ကျရင်တော့ စာရင်းမှာ မပါတော့ဘူး။ စာရင်းမသွင်းထားရင်တော့ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံပေးတဲ့ passport green channel မှာလုပ်လို့မရပါဘူး၊ Outbound license ရှိရင် လုပ်လို့ရပါတယ် ၊ သာသနာရေးဝန်ကြီးဌာန ထောက်ခံချက်မရဘူးပေါ့ “လို့ UMTA အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကပြောပါတယ်။

ကုမ္ပဏီတွေအနေနဲ့ မှတ်ပုံတင်နိုင်မယ့်ရက်ကို ဇူလိုင်၂၄ ရက်နေ့က စတင်ပြီး လာမယ့် ဩဂုတ် ၂၅ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိပြီး လိုင်စင်မရှိဘဲ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို စည်းကမ်းတင်းကျပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပတ်စ်ပို့အတွက်ကို သာသနာရေးဦးစီးဌာနက စီစဥ်ပေးတယ်၊အဲ့ဒီတော့ ဘုရားဖူးသွားမယ်ဆိုရင် သာသနာရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီက သူ့ဘာသာလုပ်ပေးတယ်၊ခရီးသွားသူကိုယ်တိုင် သာသနာရေးသွားဖို့မလိုပါဘူး၊မှတ်ပုံမတင်ရင်တော့ အဆင်မပြေတော့ဘူးပေါ့ ”လို့ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

ဗုဒ္ဓဂါယာဘုရားဖူးရာသီကာလဟာ နှစ်စဥ် နိုဝင်ဘာလကနေ ဧပြီလအထိဖြစ်ကြောင်း၊ပြီးခဲ့တဲ့ ဘုရားဖူးကာလမှာ မြန်မာကနေ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့နူန်းက တစ်ပတ်မှာ ၅၀၀ ကနေ ၁၀၀၀ နူန်းလောက်ရှိခဲ့တာကြောင့် တစ်ရာသီလုံးမှာ လူ ၂သောင်း ခန့် ဘုရားဖူးသွားရောက်မှုရှိခဲ့တယ်လို့ ခရီးသွားအချက်အလက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်မတိုင်ခင်တုန်းကတော့ ဗုဒ္ဓဂါယာဘုရားဖူးသွားသူဟာ တနှစ်ကို ၃သောင်း ကနေ ၄သောင်းခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘုရားဖူး ရာသီတုန်းကတော့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခက အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ကုန်ကျမှုစရိတ်က ၂ ညအိပ် ၃ ရက်ကို အနည်းဆုံးဒေါ်လာ ၄၀၀ ကနေ ၁၀၀၀ လောက်ရှိခဲ့​​တယ်လို့ သိရပါတယ်။

ဗုဒ္ဓဂါယာဘုရားဖူး သွားလိုသူတွေဟာ ခရီးစဥ်အတွက် လက်မှတ်ကို အချိန် ၁ လကြိုတင်ဝယ်ယူခဲ့ရပြီး ခရီးစဥ်ကတော့ တပတ်ကို လေကြောင်းကနေ (၅)ရက်ပြေးဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဗုဒ္ဓဂါယာဘုရားဖူးလုပ်ငန်း #မှတ်ပုံတင်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW