လုပ်ငန်းလည်ပတ်မှုမရှိလို့ဆိုပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၀၀ ကျော် မှတ်ပုံတင် ဖျက်သိမ်းခံရ

ဇူလိုင် ၂၇ – ၂၀၂၃
GG (VOM)

လုပ်ငန်း လည်ပတ်ခြင်းမရှိလို့ဆိုပြီး ပြည်တွင်းက အသေးစား စက်မှုလက်မှုလုပ်ငန်း ၃၀၀ ကျော်ကို သက်ဆိုင်ရာဝန်ကြီးဌာနက မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ လုပ်ငန်း ၃၀၀ ကျော်ဟာ အခုနှစ် ဧပြီလ ကနေ ဇွန်လအထိ အချိန် ၃ လအတွင်းမှာ လုပ်ငန်းလည်ပတ်တာမရှိလို့ ပယ်ဖျက်ခံရတာဖြစ်တယ်လို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အသေစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသိပေးချက်အရသိရပါတယ်။

” ပယ်ဖျက်ခံရတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃၈ ခုရှိတယ်လို့ သိရတယ် ။လုပ်ငန်းဘာလို့မလည်ပတ်နိုင်တာလဲဆိုတာကို မစဥ်းစားဘဲ ပေးပြီးသားကို ပယ်ဖျက်တာ တော်တော်အဆင်မပြေပါဘူး။အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။အခုတော့ ထောက်ပံ့ရမယ့်အစား ပိုဆိုးအောင်လုပ်သလိုဖြစ်နေပါတယ် ၊ အခုက ငွေကြေး ၊ ပစ္စည်းကုန်ကြမ်းဝယ်ရ အရမ်းခက်ခဲတော့ လုပ်ငန်းတွေတော်တော်များများ မလည်ပတ်နိုင်ကြဘူးဖြစ်နေတာ “လို့ SME လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုပါတယ်။

လုပ်ငန်းဆက်လက်လည်ပတ်မှုမရှိတဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်း ၃၃၈ ခုကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့ပြီး နောက်ထပ် လုပ်ငန်းအသစ်ဖြစ်တဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ၄၆၃ ခုကို မှတ်ပုံတင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

” မှတ်ပုံမတင်ထားတဲ့ ပန်းပဲဖိုတို့၊ ဆိုင်ကယ်ပြုပြင်ရေးတို့၊ တနိုင်တပိုင် အပ်ချုပ်ရုံလေးတွေကျ မှတ်ပုံတင်ဖို့ စည်းရုံးကြတယ်။တကယ်ကလိုအပ်တဲ့အထောက်အပံ့လည်း ပေးဖို့လိုပါတယ်၊လုပ်တဲ့သူတွေလည်း ပိုအဆင်ပြေအောင် ကူညီပေးဖို့လိုပါတယ်။လုပ်ငန်းဆက်မလုပ်လို့ဆိုပြီး တင်ပြီးသားမှတ်ပုံတင်ဖျက်တာ မလုပ်သင့်ပါဘူး “လို့ အသေးစား စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနစ်မှာလည်း လုပ်ငန်းမလည်ပတ်လို့ဆိုပြီး ဖျက်သိမ်းခံခဲ့ရတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ရာနဲ့ချီ ရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိ အသေးစားလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီး လုပ်ကိုင်နေတဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်း စုစုပေါင်း ၁၉,၅၂၆ ထိ ရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။

အသေစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေအလိုက် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သင်တန်းတွေဖြစ်တဲ့ စားသောက်ကုန်ထုတ်ပိုးမှုသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ သင်တန်းတွေ အပါအဝင် စတဲ့ နည်းပညာပို့ချခြင်း၊လက်တွေ့ပြုလုပ်ပြတဲ့ သင်တန်းတွေကို ပေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အသေးစားလုပ်ငန်း၃၀၀ကျော် #မှတ်ပုံတင်ဖျက်သိမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW