မွန်ပြည်နယ်က မြို့နယ် ၇ ခုခန့်မှာ မိုးများလို့ ရေကြီးရေလျှံမှုအပြင် မြေပြို၊နေအိမ် ပျက်စီးတာတွေဖြစ်ပွားနေ

ဇူလိုင် ၂၉ – ၂၀၂၃
GG (VOM)

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် သံဖြူဇရပ် ၊ကျိုက်ထို၊ မုဒုံ ၊ ရေးမြို့နယ်အပြင် ကျန်တဲ့မြို့နယ်အချို့က ရပ်ကွက်နဲ့ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ် သိရပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းမြေပြိုတာ ၊ သစ်ပင်တွေလဲတာ ၊နေအိမ်တွေ အမိုးပြုတ်ထွက်ပျက်စီးတာ ၊စာသင်ကျောင်းအချို့ ထိခိုက်ပျက်ဆီးမှုရှိတာ ၊ လမ်းတွေရေကျော်ပြီး သွားလာရေးပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရေးမြို့နယ်က ဟံဂံကျေးရွာ၊ဒူယား၊ ခေါဇာမြို့၊ ကျောင်းရွာ စတဲ့ကျေးရွာအချို့နဲ့ သံဖြူဇရပ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသလို မုဒုံမြို့နယ်က နှီးပဒေါကျေးရွာနဲ့ ရောင်းဒေါင်းရွာ၊ ကွမ်းလှာရွာ၊ ဖောင်စိန်ကြား ကားလမ်းရေကျော်မှုဖြစ်ပွားနေကာ ၊ ပေါင်မြို့နယ်က ကဒါရပ်ကွက်၊ကျွဲခြံ ၊မွန်စုအပိုင်း ၊အောက်လမ်းမကြီး ၊ကဒုံစီး နဲ့ ရပ်ကွက်အချို့မှာ ရေကြီးနေကာ သထုံမြို့မှာလည်း ဘင်လိူင်ရပ်ကွက် အပါအဝင် အနိမ့်ပိုင်းနေရာ တွေနဲ့ ဇင်းကျိုက်မြို့နယ် ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့သိရပါတယ်။

” ဒီနေ့ မနက်ပိုင်း မိုးတအားကိုသည်းပြီး တောင်ကျရေတွေစီးပြီး ရေကြီးရေလျှံဖြစ်နေတာ၊ မိုးကလည်းသည်းတဲ့နေရာ သည်းနေတုန်းပဲ ၊ ကျောင်းတွေ အုတ်တံတိုင်းပြိုကျတာရှိတယ်၊အမိုးတွေပြုတ်ထွက်တယ်။အိမ်တွေလည်းပျက်စီးတာရှိတယ်။ သံဖြူဇရပ် နဲ့မုဒုံ၊ရေးက အခုတကြိမ်ကတော့ ဒုတိအကြိမ်ဖြစ်တာပေါ့။အခုလ ၁၈ ရက်နေ့ကလည်း ရေကြီးသေးတယ်။အခုထိတော့ လူထိခိုက်တာ မကြားမိသေးဘူး” လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သံဖြူဇရပ်မှာ ရေကြီးရေလျံမှုအပြင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၂၀ ခန့် သွပ်အမိုးလန် ပျက်စီးတာရှိခဲ့သလို စာသင်ကျောင်းတစ်ကျောင်းလည်း ပျက်စီးမှုရှိခဲ့ကာ ၊ သထုံမှာလည်း စာသင်ကျောင်းအုတ်တံတိုင်းပြိုကျပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

” မိုးများပြီဆိုတာနဲ့ အနိမ့်ပိုင်းနေရာတွေက ရေကြီးတာပဲ။ တောင်ကျရေကြောင့် ပါတာပေါ့။ အဖြစ်များတာတော့ မုဒုံ ၊ရေး၊ သံဖြူဇရပ်ပဲ ။ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းလည်းမြေပြိုတယ်ကြားတယ်။ကားတွေသွားမရသေးဘူး။ရှင်းလင်းနေကြတုန်းလို့သိရတယ် “လို့ ကျိုက်ထိုဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ရေကြီးရေလျှံဖြစ်ပွားနေတဲ့ ရပ်ကွက်တွေ ၊ကျေးရွာတွေကနေထိုင်သူတွေကို ရွှေ့ပြောင်းတာ စတဲ့ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ ရေကြီးရေလျံမှုဖြစ်နေတဲ့ မြို့နယ်တွေမှာ မနေ့ ဇူလိုင် ၂၈ ရက်ကတည်းက မိုးရွာသွန်းကာ လေတိုက်ခဲ့သလို ဒီနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာလည်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့တာကြောင့် တောင်ကျရေ စီးဆင်းပြီး ရေကြီးရေလျှံမှုအပြင် မြေပြိုတာတွေပါဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလ ဇူလိုင် ၁၈ ရက် နဲ့ ၁၉ ရက်ကလည်း မုဒုံ ၊သံဖြူဇရပ်၊ ရေးမြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ကျရေတွေက မြေအနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ရွာအချို့ကို စီးဝင်ကာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့လို့ နေထိုင်သူတွေဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း ၊ ယင်းရေကြီးရေလျှံမှုမှာ ကလေးငယ် ၃ ယောက်သေဆုံးမှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မိုးရေချိန်တွေအနေနဲ့က ပေါင်မြို့ မှာ (၁၂.၆၀)လက်မ၊ ကျိုက္ခမီမြို့ မှာ(၈.၅၀)လက်မ၊ ရေးမြို့မှာ (၇.၅၁)လက်မ၊ ချောင်းဆုံမြို့မှာ (၅.၉၄)လက်မ၊ မုဒုံမြို့မှာ (၅.၅၅)လက်မ၊ သထုံမြို့မှာ (၅.၀၄)လက်မရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd -ဒေသခံများ
#voiceofmyanmar #VOM #မွန်ပြည်နယ် #ရေကြီးရေလျှံမှု

Related posts

Leave a Comment

VOM News

FREE
VIEW