သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ယောက်သေဆုံး၊ ၁၀ ယောက်ခန့်ဒဏ်ရာရခဲ့

ဇူလိုင် ၃၁ – ၂၀၂၃
GG(VOM)

ကရင်ပြည်နယ် ၊ ဘားအံ သံလွင်တံတား (တရုတ်လှဘက်) စစ်ဆေးရေဂိတ်မှာ ဒီနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ကားတစီး မိုင်းပေါက်ကွဲလို့ လူ ၁ ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

ကားမိုင်းပေါက်မှုကြောင့် သေဆုံးသူက အရပ်သား ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အရပ်သား ၃ ယောက်နဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

“စစ်ဆေးရေးဂိတ်မှာ ကားမိုင်းပေါက်တယ်ဆိုလို့သွားတော့ ဟိုရောက်မှာ Dead Body ၁ လောင်းတွေ့တယ်။ဒဏ်ရာရသူတွေရှိတယ်၊ လူမှုကူညီရေးအဖွဲ့တွေများတော့ စာရင်းအတိအကျတော့ မသိရသေးဘူး။ အကုန်လုံးလည်း ပြန့်ကျဲနေတယ်။သေတာက အမျိုးသားပါ။ အဆောက်အဦတွေလည်းပျက်စီးကုန်တယ်”လို့ ဘားအံအခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကနဦးသိရတဲ့ စာရင်းတွေအရ ဒဏ်ရာရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ တပ်ကြပ်ကြီး မင်းထွန်းဇော်၊ ဒုတပ်ကြပ် မောင်မောင်ကျော် ၊ရဲတပ်သား အေးခန့်ပိုင်၊ ရဲတပ်ကြပ်ကြီး မျိုးမျိုး၊ရဲတပ်သား ဖြိုးသီဟ၊တပ်​ကြပ် ကျော်ဇံဦး၊တပ်သား ဟိန်းထက်ဦးတို့ ဖြစ်ကြောင်းသိရပြီး အရပ်သားက အမျိုးသမီး ၁ ဦး ၊ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အားလုံးကို တပ်ဆေးရုံ ခေါ်သွားတယ်လို့ သိရပါတယ်။

” ဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ်။ အဆောက်အဦတွေပါ ပျက်စီးတော့ အဲ့ဒီအထဲနေတဲ့ တပ်ဖွဲ့ဝင်တွေပါ ထိတာလို့သိရတယ်။ ကျနော်တို့လည်း ကနဦးသိရတဲ့စာရင်းပါ။ ကားကိုစစ်ဆေးချိန်မှာ ပေါက်ကွဲတာလို့သိရတယ် “လို့ ဘားအံဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ ကားပေါက်ကွဲမှုမှာ ဆိုင်ကယ် အချို့၊လက်တွန်းလှည်း နဲ့ စစ်ဆေးရေးဂိတ်အဆောက်အဦးပိုင်းလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်ထဲက အခုထိ သံလွင်တံတား ကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာကြောင့် ကားတွေ နှစ်ဖက်လုံးပိတ်မိနေတယ်လို့ သိရပါတယ်။

ကားပေါက်ကွဲမှုနဲ့ပတ်သက်ပြီးအတည်ပြုနိုင်ဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဘက်ကို ဆက်သွယ်ဖို့ VOM အနေနဲ့ ကြိုးစားနေပေမယ့် ဆက်သွယ်မရရှိသေးတာကြောင့် သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #သံလွင်တံတား #ကားမိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW