စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်း ၃၀ ရာခိုင်နူန်းသာ ရုံးတက်နိုင်

သြဂုတ် ၈ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ဝန်ထမ်းတွေ ခြိမ်းခြောက်သတ်ဖြတ်ခံရတာကြောင့် ရုံးတက်ဖို့ ခက်ခဲနေပြီး တချို့ဝန်ထမ်းတွေဆိုရင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

“ဝန်ထမ်းတွေ CDM မလုပ်ရင် ၊ မလုပ်တဲ့ ဝန်ထမ်းနဲ့ သူ့ရဲ့မိသားစု အသက်အန္တရာယ် တာဝန်မယူဘူးလို့ ခြိမ်းခြောက်ခံရတယ် ၊ နောက်ပြီး ဌာနဆိုင်ရာရုံးတွေကိုလည်း ဒရုန်းနဲ့ ဗုံးကျဲချတာမျိုးလည်း ရှိတယ် ၊ အဲ့ဒီအပြင် သေနတ်နဲ့ လာရောက် ပစ်ခတ်တာတွေရှိတယ် ၊ နောက်ပြီး နေအိမ်မှာလာပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိတဲ့အတွက် ရုံးတက်ဖို့ အခက်အခဲရှိတယ် ၊ အဲ့ဒါကြောင့် ရုံးတက်နိုင်တဲ့ ဝန်ထမ်းက ၃၀ ရာခိုင်နူန်းလောက်ပဲရှိတယ်”လို့ မကွေးတိုင်း မြိုင်မြို့နယ်မှ ဝန်ထမ်းတယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာနေထိုင်တဲ့ ဝန်ထမ်းတယောက်က “စစ်ကိုင်းတိုင်း ၊မြောင်မြို့၊ အလယ်ရပ်ကွက်မှာနေတဲ့ အခြေခံမူလတန်းကျောင်း (အမက ၃)ကျောင်းအုပ်ကြီး ဆရာဦးသိန်းနိုင်ထွန်း ဆိုသူကို အမည်မသိအဖွဲ့က သြဂုတ် ၃ ရက် မနက်ပိုင်းက ကျောင်းအုပ်ဆရာကြီးရဲ့ နေအိမ်ကို ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ ရက်အကြာ သြဂုတ် ၆ ရက်နေ့က အဲ့ဒီအဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ သိရတယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ယင်းမာပင်ခရိုင် ပညာရေးမှူးရုံးက ပြောင်းရွှေ့တာဝန်ကျ ခရိုင်ဦးစီးမှူး ဆိုသူ ဆရာမကြီးဟာ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်ရှေ့မှာတင် ပစ်သတ်ခံရတယ် ၊ အဲ့ဒါကြောင့် ဌာနဆိုင်ဝန်ထမ်းအများစု ရုံးတက်ဖို့ ခက်ခဲနေရတယ်”လို့ ပြောပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ခြိမ်းခြောက်ခံရမှု အများဆုံးဝနထမ်းတွေကတော့ ပညာရေးတွေ ၊ ကျေးလက်ကျန်းမာရေးဌာန၊မြေတိုင်းစာရေး ၊ လ.ဝ.က ၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး ဝန်ထမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် အဲ့ဒီ ဝန်ထမ်းတွေဟာ တာဝန်ကျနေရာမှာ သွားရောက်ပြီး ရုံးတက်ဖို့ဆိုတာ ခက်ခဲနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်းစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ဌာနဆိုင်ရာ ရုံးဝန်ထမ်း တရာကျော် အသတ်ခံရတာ ဖြစ်ခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မကွေးတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW