သံဖြူဇရပ်မှာ နိုင်ငံသားအထောက်အထားမဲ့ ၁၄၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထား

သြဂုတ် ၁၁-၂၀၂၃
SP ( VOM)

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ဝခဲမီကျေးရွာနားမှာ ဒီကနေ့ သြဂုတ် ၁၁ ရက် မနက် ၆ နာရီဝန်းကျင်က ရေလမ်းကနေတဆင့် ကားနဲ့ လိုက်ပါတဲ့ နိုင်ငံသားအထောက်အထားမဲ့ ၁၄၃ ယောက်ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သံဖြူဇရပ်မြို့ခံတွေဆီ သိရပါတယ်။

” အထောက်ထားမဲ့သူ ၁၄၃ ယောက်ဟာ သံဖြူဇရပ်မြို့ပေါ်က ဖရဲသီးကုမ္မဏီလုပ်ငန်းပိုင် မြေသယ်ယာဥ် အမျိုးအစား ကား၄ စီးပေါ်က တွေ့တာပါ ၊ သူတို့ကို စစ်ဆေးမေးမြန်တဲ့အခါ အိမ်နီးချင် ဘဂ်လားဒေရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ရေလမ်းကြောင်းအတိုင်း ထွက်လာကြပြီး သံဖြူဇရပ်မြို့နယ် ၊ သပြေချောင်းဝ ဆိပ်ကမ်းကိုကပ်တာဖြစ်တယ် ၊အဲ့ဒီကနေတဆင့် မြေသယ်ကားတွေနဲ့ လိုက်ပါလာတယ်”လို့ သံဖြူဇရပ်မြို့နယ် လဝက အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်ကလည်း ” တွေ့ရှိထားတဲ့ အထောက်အထားမဲ့တွေကို လဝက အဖွဲ့က စီစစ်နေဆဲဖြစ်တယ် ၊ လတ်တလောကတော့ အမှုဖွင့်ဖို့ ဆောင်ရွက်နေဆဲဖြစ်တယ် ၊ လောလောဆယ်တော့ ထိန်းသိမ်းထားဆဲကာလဖြစ်တယ်”လို့ ပြောပါတယ်။

အထောက်အထားမဲ့သူတွေ တရားမဝင် ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့နီးစပ်သူ တယောက်က ” ဒီနှစ် ၈ လအတွင်း ဖမ်းဆီးမိတဲ့ ဖြစ်စဥ်တွေက မတူကြဘူး ၊ မကွေး မင်းလှဘက်မှာ ဖမ်းမိတဲ့ဖြစ်စဥ်ဆိုရင် အထောက်ထားမဲ့က ခရီးသည်တင်ကားနဲ့ ကိုရင်ကြီးဝတ် နဲ့ သီလရှင် ဆရာလေးဝတ်တွေနဲ့ ခရီးသည်အဖြစ်လိုက်ပါလာတာကို ဖမ်းမိတယ် ၊ ပဲခူး ပြည်လမ်းမှာဆိုင်ရင် မီးသွေးတင်တဲ့ကားထဲမှာ ဝှက်ပြီး လိုက်လာတယ် ၊ ထင်းကားတွေကြားက မိတာရှိတယ် ၊ ဧရာဝတီတိုင်းထဲမှာဆိုရင် လှေစီးလာတယ် ၊ ရခိုင် စစ်တွေ လေဆိပ်မှာ မှတ်ပုံတင်အတုနဲ့ ဂိတ်ဖြတ်ချိန်မှာ ဖမ်းမိတယ် ၊ ဒီနှစ်အတွင်း ဖမ်းမိတာ ၇၀၀ ကျော်ရှိမယ်”လို့ ပြောပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလကနေ သြဂုတ် ၁၁ ရက်အထိ နိင်ငံအဝှမ်း ဖမ်းဆီးရရှိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇၀၀ ကျော်ရှိတဲ့အနက် ဖမ်းဆီးရရှိသူ အများဆုံး အရေအတွက်ဟာ ဧရာဝတီတိုင်းတွင်းက ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သံဖြူဇရပ် #နိုင်ငံသားအထောက်အထားမဲ့ #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW