လူမှုကူညီရေးသမားတွေရဲ့ ဘဝ ရေရှည်မှာ ရပ်တည်နိုင်ဖို့ မလွယ်

သြဂုတ် ၁၃ -၂၀၂၃
SP (VOM)

တနိုင်ငံ အတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခုနှစ် သြဂုတ်လ ၁၂ ရက်အထိ လူမှုကူညီရေးအသင်းဝင် ပရဟိတသမားတွေ တာဝန်ချိန်အတွင်း အသတ်ခံရတာ ၊ မိုင်းစထိမှန် ဒဏ်ရာရတာနဲ့ သေနတ်မှန်တာတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၃၀ ကျော်ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

” မနေ့ မနက်ပိုင်းက မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတာရွာက ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ဦးမြင့်ဆိုသူ ပစ်သတ်ခံရတယ် ၊ သြဂုတ် ၁၁ ရက် မနက်ပိုင်းကလည်း ပဲခူးတိုင်းက ရွှေကျင်မောင်မယ် လူမှုကူညီရေး အရေးပေါ်လူနာတင်ယာဥ်ဟာ ညောင်လေးပင် – မဒေါက် – ရွှေကျင် လမ်းအတိုင်း ရေဘေးကယ်ဆယ်ဖို့သွားနေတုန်း ပုဇွန်မြောင်းကျေးရွာလည်နားမှာ သေနတ်နဲ့ ပစ်ခံရတယ် ၊ ပရဟိတသမားတယောက် ဒဏ်ရာတယ်”လို့ မန္တလေးတိုင်း အခြေစိုက် လူမှုကူညီးရေးအသင်းဝင် တယောက်က ပြောပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ လူမှုကူညီရေးအသင်းဝင် ပရဟိတသမားတယောက်က ” ရေစကြိုမြို့နယ် ၊ ရွှေလှံရွာဘက်က လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမား ၃ ယောက်က လူနာပို့ပြီး ပြန်အလာ မြောင်မြို့နယ်ထဲမှာ လူနာတင်ယာဥ်ကို သေနတ်နဲ့ ပစ်ခံရပြီး ကားဘီးပေါက်တဲ့အခါ ပရဟိတသမား ၃ ယောက်လုံးကို ပစ်သတ်ပြီး ကားယူသွားတာရှိတယ် ၊နောက်ပြီး မြိုင်မြို့နယ်ထဲ ပရဟိတသမားနှစ်ယောက်နဲ့ လူနာတင်ယာဥ် ပစ်ခံရတယ် ၊ ပခုက္ကူ ကမ္မ ရေပြာကြားလမ်းမှာ ပရဟိတသမားတွေ ခဏခဏ ပစ်ခံရတယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အခြေစိုက်တဲ့ လူမှုကူညီရေးအသင်းဝင် ပရဟိတသမားတယောက်က ” စစ်ကိုင်းတိုင်း မြောင်နယ်မှာ ပရဟိတသမား ၃ ယောက်သတ်ခံရတယ် ၊ ချောင်းဦးမြို့နယ် ၊ မင်းတည်ရွာနားမှာ ရေစကြိုဘက်က သေနတ်မှန် လူနာကို လူနာတင်ယာဥ်ပေါ်မှာ တက်ပြီး ပစ်သတ်တယ် ၊ မုံရွာက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က လူနာတင်ယာဥ် မုံရွာ – မန္တလေးကားလမ်းးမှာ မိုင်း ၂ ခါ ထိတယ် ၊ ရေဦးနယ်ဘက်မှာလည်း လူနာတင်ယာဥ် မိုင်းထိတာရှိတယ် ၊ နောက်ပြီး ရန်ကုန်က အလောင်းကို ကလေးမြို့ပို့ပေးတဲ့ ရန်ကုန်က လူမှုကူညီရေးကားလည်း တန့်ဆည်နယ်မှာ မိုင်းထိပြီး ဒဏ်ရာရတယ်၊ နောက်ပြီး ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က လူနာတင်ယာဥ်ဟာ စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ်မှာ သေနတ်နဲ့ ပစ်ခံရပြီး ယာဥ်မောင်းတဦး သေတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ကနေ ၂၀၂၁ ကြားကာလမှာ စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်လေးခုနဲ့ ကျေးရွာတွေမှာ လူမှုကူညီရေး အသင်းအဖွဲ့ပေါင်း လေးရာကျော်ရှိပြီး ၂၀၂၂ ကစလို့ လူမှုကူညီရေး အသင်းပေါင်း ၃၀ ကျော်နဲ့သာ လက်ရှိ လည်ပတ်နိုင်တော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်းထဲက ပခုက္ကူ ၊ ရေစကြို ၊ မြိုင် ၊ ပေါက်၊ ဆော ၊ ကျောက်ထု ၊ ထီးလင်း ၊ ဂန့်ဂေါ စတဲ့မြို့နယ်ဘက်က လူမှုကူညီရေး အသင်းက ပရဟိတသမားတွေနဲ့ ၊ စစ်ကိုင်းတိုင်းဘက်က ရွှေဘို ၊ ကန့်ဘလူ ၊ ခင်ဥိး ၊ ကောလင်း ၊ ရေဦး ၊ တန့်ဆည် ၊ ဒီပဲယင်း ၊ ကနီ ၊ အရာတော် ၊ ဝက်လက် ၊ မြောင် ၊ မြင်းမူ စတဲ့ မြို့နယ်ဘက်တွေမှာလည်း လူနာတင်ယာဥ်တွေ လုယူခံရတာ ၊ မိုင်းထိမှန်တာ ၊ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Photo-သုခဟိတ လူမှုကူညီရေးအသင်း( မုံရွာ)
#voiceofmyanmar #VOM #လူမှုကူညီရေးအသင်း #ရပ်တည်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW