သြဂုတ် ၊ ၁၃ ၊ ၂၀၂၃
SP ( VOM)
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်ကျေးရွာရဲ့ မြောက်ဘက်နားမှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က အမည်မသိ လူတစုက ရွာထဲဝင်ရောက်လာပြီး ရွာခံလူ ၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” အရင်ဆုံး အသတ်ခံရတာက ရွာအဝင် တောစပ်မှာ နွားကျောင်းနေတဲ့ ကိုဖုန်းတင့် ၂၀ နှစ် ၊ နောက်ပြီး အဲ့ဒီ ရွာထဲဝင်ရောက်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ယောက်ဖတော်စပ်သူ ဦးဟန်လင်း ၅၄ နှစ် ဆိုသူကို သူ့ရဲ့နေအိမ်ထဲမှာ ပစ်သတ်တယ် ၊ အဲ့ဒီနောက် ရွာအရှေ့ပိုင်း ကုန်စုံဆိုင်မှာ ဒေါ်လှလှ ၄၈ နှစ်နဲ့ မယဥ်မွန်ဇော် ၂၅ နှစ်တို့ ၂ ယောက်ကို ရွာလည် ဘောလုံးကွင်းထဲအရောက်မှာ ပစ်သတ်သွားတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကနဦး စုံစမ်းသိရတာက အသတ်ခံရသူတွေမှာ နိုင်ငံရေး အရောင်အသွေးကိုယ်စီရှိကြတယ် ၊ ပထမဆုံး သတ်ခံရတဲ့ ကိုဖုန်းတင့် ဆိုသူက ပြည်ခိုင်ဖြိုး ဝန်းရံသူဖြစ်တယ် ၊ သူက ဦးခေါင်းကျည်ဖောက်ထွက်၊ယာဘက်ရင်အုံ၊ယာဘက်ကျော၊ဘယ်ဘက်ဒူး၊ဘယ်ဘက်လက်ဖျံ ကျည်ဖောက်ထွက်ဒဏ်ရာတွေရတယ် ၊ ဒုတိယပစ်ခံရတဲ့ ဦးဟန်လင်းဆိုသူက အုပ်ကြီး ယောက်ဖတော်စပ်တယ်၊ သူကတော့ ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲးပါး/မျက်လုံးတို့တွင်ကျည်ဖောက်ထွက်ဒဏ်ရာတွေရတယ် ၊ နောက်ပြီး ဒေါ်လှလှ ဆိုသူက NLD ဝန်းရံသူဖြစ်ပြီး ဝဲဘက်နားထင်ကျည်ဖောက်ထွက်ဒဏ်ရာရတယ် ၊ မယဥ်မွန်ဇော်ကလည် NLD ဝန်းရံသူဖြစ်တယ် ၊ သူက ဦးခေါင်းပွင့်ထွက် ဒဏ်ရာရတယ် ၊ သူတို့အားလုံး အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတယ်၊ အမည်မသိ (စုံစမ်းနေဆဲ) သေနတ်သမားတွေက ဆိုင်ကယ် ၆ စီးနဲ့ ရွာကိုဝင်လာပြီး ပစ်သတ်သွားတယ် ၊ အမှုဖွင့် စစ်ဆေးနေပါတယ် “လို့ ပြောပါတယ်။
ဒါ့အပြင် သားကျင်ကျေးရွာဟာ အရင်က မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်ဧရိယာထဲမှာ ပါဝင်ပြီး ပြီးခဲ့တဲ့နှစ်က စလို့ တံတားဦးခရိုင်ထဲမှာ ပါဝင်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ငါန်းဇွန်မြို့နယ်ထဲမှာ အလောင်းပြိုင် လူသတ်မှုဖြစ်စဥ် ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #ငါန်းဇွန် #၄လောင်းပြိုင်လူသတ်မှု