ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်က မြန်မာပိုင် ဘဏ်ငွေစာရင်းအကောင့်နှစ်ခုကို ပိတ်ပစ်

ဩဂုတ် ၁၇ – ၂၀၂၃
GG (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီ Sonali ဘဏ်က မြန်မာအစိုးရပိုင်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB နှစ်ခုရဲ့ ငွေစာရင်းတွေကို ပိတ်ပစ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

အခုလို ဘဏ်ငွေစာရင်းအကောင့်အပိတ်ခံရတာနဲ့ပတ်သက်ပြီး လက်ရှိအထိတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသေးကြောင်း၊ အခုပိတ်လိုက်တဲ့ ဘဏ်၂ခုနဲ့လည်း ကုန်သွယ်မှုလုပ်တာမရှိဘူးလို့ ကုန်သယ်တွေဆီက သိရပါတယ်။

” ကျနော်တို့လည်းသတင်းကြားကြားချင်း ဆိုနာလီဘဏ်ဘက်ကို ဆက်သွယ်ကြည့်တော့ ဒေါ်လာလဲပေးမယ်ပြောတယ်၊ဆိုတော့ကုန်သွယ်မှုက လုပ်လို့ရတယ်ပေါ့။ဘယ်လိုပုံစံ ဘယ်လိုလမ်းကြောင်းနဲ့လုပ်ပေးမယ်ဆိုတာတော့မသိရသေးဘူး။အခုက သိရသလောက်ကတော့ MFTB နဲ့ MICB ဘဏ် နှစ်ခုရဲ့ ငွေစာရင်းအကောင့်ကိုပဲပိတ်လိုက်တာပေါ့။ MEC ဘဏ်မပါသေးဘူးဆိုတော့ ကုန်သွယ်မှုက လုပ်လို့ရသေးတာပေါ့။ရပ်တဲ့အခြေအနေမျိုးမဖြစ်နိုင်သေးဘူး” လို့ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်ရေးလုပ်နေတဲ့ မြန်မာကုန်သည်တစ်ဦးကပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်ရေးလုပ်တဲ့အခါ ငွေကြေးကို မြန်မာကော်ပိုရေးရှင်းဘဏ် MEC နဲ့သာ ချိတ်ဆက်အလုပ်လုပ်တာဖြစ်လို့ လက်ရှိအထိတော့ အဆင်ပြေတဲ့အနေအထားရှိသေးတယ်လို့ ကုန်သည်တွေကပြောပါတယ်။

ဆိုနာလီ Sonali ဘဏ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေတဲ့ ဘဏ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်မှာ မြန်မာဘဏ်နှစ်ခုက အပ်နှံထားတဲ့ငွေကြေးဟာ အမေရိကန် ဒေါ်လာ သန်း ၁ သန်းကျော် ရှိ​ပြီး ငွေစာရင်းတွေကို လွန်ခဲ့တဲ့တစ်လကျော်လောက်ကတည်းကပိတ်ထားတာဖြစ်တယ်လို့ ဆိုနာလီဘဏ်ရဲ့ တာဝန်ရှိသူက BenarNews သတင်းဌာနကို ပြောဆိုမှုအရ သိရပါတယ်။

အပိတ်ခံလိုက်ရတဲ့ မြန်မာအစိုးရပိုင် ဘဏ်၂ခုရဲ့ငွေစာရင်းအကောင့်တွေကို ပြန်ဖွင့်ပေးဖို့ နစက ဘက်ကနေ တောင်းဆိုတာတွေလည်း ရှိခဲ့​ပေမယ့် လတ်တလောမှာ ပြန်ဖွင့်ပေးဖို့မရှိသေးဘူး လို့ပြောပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ကို အမေရိကန်နိုင်ငံကလည်း အမည်ပျက်စာရင်းသွင်းကာ ပိတ်ဆို့အရေးယူမှုတွေလုပ်ထားတဲ့အပြင် အဲ့ဒီ ဘဏ်တွေနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အရေးယူမယ်လို့ သတိပေးပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #မြန်မာပိုင်းဘဏ်နှစ်ခု #ဘင်္ဂလားဒေ့ရှ်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW