ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက် ပိတ်ဆို့ခံထားရတာကြောင့် မော်လိုက်ခရိုင်ထဲမှာ ကုန်စည်တွေ ပြတ်လပ်နေ

သြဂုတ် ၂၃ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ မော်လိုက်မြို့နဲ့ ဖောင်းပြင်မြို့တွေမှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်ကနေ ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းတွေပါ ဖြတ်တောက်ပိတ်ဆို့ခံထားရတာကြောင့် ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး စျေးကွက်ထဲမှာ ရှိတဲ့ ကုန်စည်တွေဟာလည်း ပေါက်စျေးထက် ၂ ဆ မြင့်တက်လျက်ရှိတယ်လို့ မော်လိုက် ဒေသခံတွေဆီက သိရပါတယ်။

” ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကနေ လမ်းပိတ်ထားတယ် ၊ နောက်ပြီး မဟာမြိုင် ကားလမ်းကနေလည်း ကားတွေ ပိတ်ထားတယ် ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံး ပိတ်ထားတော့ အဝင်ကုန်စည်မရှိဘူး ၊ ဒီကနေ့ မော်လိုက်မြို့ရဲ့ စျေးနူန်းတွေကတော့ ဓါတ်ဆီ တစ်လီတာ ၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀ ကျပ်၊ အာလူး တစ်ပိသာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိသာ ၁၀၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိသာ ၄၅၀၀ ကျပ်၊ ဧရာမင်းဆန် ၂၄ ပြည်အိပ် ၁၁၀၀၀၀ ကျပ်၊ ဖိလစ်ပိုင် ဆန် ၂၄ ပြည်အိပ် ၈၅၀၀၀ ကျပ်၊ ပဲဆီ တစ်ပိသာ ၁၇၀၀၀ ကျပ်၊ နေကြာဆီတစ်ပိသာ ၁၅၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိသာ ၁၃၀၀၀ ကျပ် စတဲ့စျေးနူန်းတွေဖြစ်တယ် ” လို့ မော်လိုက်မြို့ခံ ကုန်စုံဆိုင် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

မော်လိုက်ခရိုင် လက်အောက်ခံ ဖောင်းပြင်မြို့မှာနေတဲ့ ကုန်သည် တယောက်က ” အောက်ပိုင်း ( မုံရွာ ၊ မန္တလေး ဘက်) က အဝင်ကုန်စည်မရှိတာ ၁၀ ရက်ကျော်လောက်ရှိသွားပြီ ၊ လက်ကျန် ကုန်ပစ္စည်းလည်း မျှတရောင်းချပေးနေရတယ် ၊ အခြေခံ စားကုန်တွေ ပြတ်လပ်မှု မရှိပေမယ့် အခြားလူသုံးကုန်တွေ နဲ့ စက်ပစ္စည်းမျိုးစုံ စျေးနူန်း ၂ ဆမြင့်တက်တယ် ၊ စျေးနူန်းသာရှိပြီး ပစ္စည်း ပြတ်လပ်နေတာက များတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မော်လိုက်မြို့နဲ့ ဖောင်းပြင်မြို့ဆိုတာ ချင်းတွင်းမြစ်နားက မြို့တွေဖြစ်ပြီး ရေလမ်းကို အဓိကထား ကုန်သွယ်ရတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီတွေမှာတော့ မဟာမြိုင်ကားလမ်းကြောင်းကနေလည်း ကုန်းလမ်း ကုန်သွယ်မှုတွေရှိတယ်လို့ သိရပါတယ်။

” ​ပြီးခဲ့တဲ့ ဆယ်ရက်ကျော်လောက်ကစပြီး မဟာမြိုင်လမ်းက အောင်ချမ်းသာရွာနားမှာ တိုက်ပွဲတွေဖြစ်တယ် ၊ မြစ်ကြောင်းထဲမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတယ် ၊ အဲ့ဒါကြောင့် လမ်းကြောင်း ၂ ခုစလုံး ပိတ်ထားတယ် ၊ ပိတ်ရက်ရှည်နေပြီဆိုတော့ လက်ကျန် ကုန်ပစ္စည်းတွေ ပြတ်ကုန်ကြပြီ ” လို့ မော်လိုက်မြို့ခံ ကုန်သည် တယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရုံးနဲ့ နီးစပ်သူတယောက်က ” လတ်တလော လမ်းကြောင်းတွေ အဆင်မပြေဘူးလို့ ကြားရတယ် ၊ မကြာမီရက်ပိုင်းအတွင်း လမ်းတွေပြန်ဖွင့်ဖို့ လုပ်နေပါတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ကလေး ၊ ကလေးဝ ၊ တမူး ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့ မြို့နယ်တွေမှာ အဝင် ကုန်စည်ပြတ်လပ်နေပြီး အခြားမြို့တွေထက် ကုန်စျေးနူန်း ကြီးမြင့်နေရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

#VOM #voiceofmyanmar #မော်လိုက် #ဖောင်းပြင်

Related posts

Leave a Comment

VOM News

FREE
VIEW