နိုင်ဂျာအရေး ကြားဝင်စွက်ဖက်ဖို့ အိမ်နီးချင်း ECOWAS နိုင်ငံတွေ ‘D-Day’ သတ်မှတ်နေ

နီယာမေ၊ သြဂုတ်-၂၃

အနောက်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) မှ စစ်တပ်အကြီးအကဲတွေဟာ နိုင်ဂျာနိုင်ငံထဲသို့ သူတို့တပ်တွေ စေလွှတ်မည့်ရက်ကို ဆုံးဖြတ်လိုက်ပြီလို့ ကြောင်း ECOWAS ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာမဟာမင်းကြီး အေဘယ်ဖာတူမူဆာက ဩဂုတ် ၁၈ ရက်တုန်းက ပြောကြားခဲ့ပါတယ်။

ဂါနာနိုင်ငံ၊ အက်ခါရာမြို့တော်မှာ ECOWAS ကာကွယ်ရေးဦးစီးချုပ်များကော်မတီရဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ မဟာမင်းကြီး မူဆာက “အမိန့်ပေးတဲ့အချိန်မှာ ကျနော်တို့တပ်တွေ ဝင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“D-day ကိုလည်း ဆုံးဖြတ်ထားတယ်။ (နိုင်ဂျာအရေး) ကြားဝင်စွက်ဖက်ဖို့ လိုအပ်မယ့်ကိစ္စတွေ ကျနော်တို့ သဘောတူ ညှိနှိုင်းပြီးသားပါ။ တခြားနည်းလမ်းတွေနဲ့ အဆင်မပြေတော့ဘူးဆိုရင် အနောက်အာဖရိကမှာရှိတဲ့ ရဲရင့်တဲ့ ကျနော်တို့တပ်ဖွဲ့တွေဟာ နိုင်ဂျာ စစ်ရေးနဲ့ အရပ်ဘက် အစိတ်အပိုင်းတွေအတွက် တာဝန် ထမ်းဆောင်ရန် အဆင်သင့် ဖြစ်နေကြပြီ” လို့ မူဆာက ဆက်လက်ပြောကြားခဲ့ပါတယ်။

စစ်ရေးညှိနှိုင်းမှုတွေ့ဆုံပွဲ နိဂုံးချုပ်မှာ မူဆာက “ဂမ်ဘီယာနဲ့ လိုက်ဘေးရီးယားမှာ အရင်ကလည်း ECOWAS တပ်ဖြန့်ချထားပြီး အောင်မြင်စွာ ကြားဝင်စွက်ဖက်ပေးတာကို နမူနာအဖြစ် ထောက်ပြခဲ့ပြီး အခုနိုင်ဂျာအတွက်လည်း “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းပေးမယ်” ဆိုပြီး ကတိပြုခဲ့ပါတယ်။

ECOWAS ဟာ သံတမန်ရေးရာအခွင့်အရေးပေးရန်အတွက်လည်း နိုင်ဂျာစစ်ခေါင်းဆောင်တွေအပေါ် “စေ့စပ်ဖျန်ဖြေရေးမစ်ရှင်” ကိုလည်း ပြင်ဆင်နေကြောင်း မူဆာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်တုန်းက သမ္မတ မိုဟာမက်ဘာဇွင်ကို စစ်တပ်က ဖြုတ်ချခဲ့တဲ့ နိုင်ဂျာနိုင်ငံမှာ ကြားဝင်စွက်ဖက်ဖို့အတွက် ECOWAS နိုင်ငံတွေမှ ကာကွယ်ရေးဦးစီးချုပ်အသီးသီးက “သူတို့တပ်တွေ အဆင်သင့်ဖြစ်နေပြီ” လို့ ကြေညာခဲ့ကြပါတယ်။

ECOWAS ဟာ သမ္မတဘာဇွင်ထံသို့ အာဏာပြန်အပ်ဖို့ တစ်ပတ်ကြာအချိန်ပေးတဲ့အနေနဲ့ ဩဂုတ် ၄ ရက်တွင် နောက်ဆုံးထားပြီး စစ်ရေးအရ ကြားဝင်ဖို့ နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ရာဇသံပေးခဲ့ပါတယ်။ အဲဒီနောက် သြဂုတ် ၁၀ ရက်ကျတော့ သူတို့တပ်တွေ အသင့်ပါပဲလို့ ကြေညာခဲ့ကြပါတယ်။

ပြင်သစ်ရုပ်သံလွှင့် RFI ၏အဆိုအရ ECOWAS တပ်ပေါင်းစုမှာ အင်အား ၂၅၀၀၀ ခန့်ရှိပြီး အများစုမှာ နိုင်ဂျီးရီးယားနဲ့ ဆီနီဂေါတို့မှ ဖြစ်ပါတယ်။ ECOWAS အဖွဲ့ဝင်နိုင်ငံအားလုံးကတော့ အခုလို နိုင်ဂျာကို စစ်ရေးအရ ကြားဝင်စွက်ဖက်ဖို့ တွေ့ဆုံဆွေးနွေးတဲ့အဖွဲ့ထဲမှာ ပါတာတော့ မဟုတ်ပါဘူး။
ချဒ်နှင့် ဂီနိနိုင်ငံတို့ဟာဆိုရင် နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူဖို့နဲ့ စစ်ရေးအရ တပ်ဖြန့်ဖို့ ECOWAS ရဲ့ဆုံးဖြတ်ချက် နှစ်ခုလုံးကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့ရှိ စစ်အစိုးရတွေကလည်း နိုင်ဂျာအပေါ် တိုက်ခိုက်တဲ့ ဘယ်လိုစစ်ရေးလှုပ်ရှားမှုမျိုးကိုမဆို စစ်ကြေညာခြင်းအဖြစ် မှတ်ယူမယ်လို့ အသီးသီး ပြောကြားထားကြပါတယ်။ နိုင်ဂျာနိုင်ငံရဲ့ ကိုလိုနီဟောင်း အုပ်စိုးခဲ့သူ ပြင်သစ်ရဲ့ ကြားခံအဖြစ် ECOWAS ဝင်လုပ်ပေးနေတယ်လို့တောင် စွပ်စွဲခဲ့ကြပါတယ်။

ဩဂုတ် ၁၈ ရက်တုန်းက ဆွေးနွေးဆုံးဖြတ်ကြရာမှာ မဟာမင်းကြီး မူဆာက “မိမိတို့ ECOWAS အစုအဖွဲ့ဟာ စည်းမျဉ်းအခြေခံတဲ့အဖွဲ့ ဖြစ်ပြီး တစ်နိုင်ငံတည်း (ဒါမှမဟုတ်) ဒီမိုကရေစီကိုမြတ်နိုးတဲ့ တခြားမိတ်ဖက်နိုင်ငံတွေရဲ့ ပိုးမှုနဲ့ နိုင်ဂျာအပေါ် ကြားဝင်စွက်ဖက်ရန် အဆင်သင့်ဖြစ်ကြောင်း” အခိုင်အမာပြောကြားခဲ့ပါတယ်။

ပြောရမယ်ဆိုရင် နိုင်ဂျာနိုင်ငံရဲ့ ယူရေနီယံသတ္တုမိုင်းတွင်းတွေထဲကနေ ပြင်သစ်ရဲ့နျူကလီးယားဓာတ်ပေါင်းဖိုတွေအတွက် လောင်စာအမြောက်အမြားများစွာကို ယူငင်သုံးစွဲနေတာဖြစ်ပါတယ်။
နိုင်ဂျာပြည်တွင်းမှာ လာပြီးတပ်စွဲထားတဲ့ ပြင်သစ်စစ်သား ၁,၅၀၀ ရှိပြီး အခုနိုင်ဂျာစစ်အစိုးရက သူတို့ကို ထွက်ခွာစေဖို့ လိုလားနေပါတယ်။

ဒါ့အပြင် နိုင်ဂျာမှာ အမေရိကန်တပ်တွေကလည်း အင်အား ၁,၀၀၀ ရှိပါတယ်။ အဲဒီတပ်တွေကိုလည်း မရှိစေလိုဘူးဆိုပြီး နိုင်ဂျာစစ်အစိုးရက ထုတ်ပြောထားပြီးပါပြီ။ အဲဒီလို အနောက်အုပ်စုရဲ့ နိုင်ငံခြားတပ်တွေ ရှိနေတဲ့အကြောင်းကတော့ လစ်ဗျားမှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)က ၂၀၁၁ တုန်းက အစိုးရအပြောင်းအလဲ ဝင်စွက်ဖက်ပြီးတဲ့နောက် ဆာဟဲဒေသ အကြမ်းဖက်သူပုန်အဖွဲ့ နှိမ်နင်းဖို့ဆိုပြီး တပ်ဖြန့်ချထားရာက ကျန်ရှိနေတာပါ။

မကြာသေးမီနှစ်တွေအတွင်း မာလီနဲ့ ဘာကီနာဖာဆိုရှိ စစ်အစိုးရတွေကလည်း အနောက်အုပ်စုတပ်အားလုံးကို ဆုတ်ခွာထွက်ပေးကြဖို့ တောင်းဆိုခဲ့ပြီး သူတို့ကာကွယ်ရေးအတွက် ရုရှားထံမှ ဝါဂနာကြေးစားတပ် လက်ထဲ ပြောင်းလဲအပ်နှံခဲ့ကြပါတယ်။

Ref: RT
#voiceofmyanmar #VOM #နိုင်ဂျာအရေး #ကြားဝင်စွက်ဖက် #ECOWAS နိုင်ငံတွေD-Dayသတ်မှတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW