ထိုင်းဝန်ကြီးချုပ်သစ် ၊ ဖြူထိုင်းပါတီနဲ့ ထိုင်းနိုင်ငံရေးအရွေ့များ

မျိုးဆက်(VOM)
သြဂုတ်-၂၄-၈-၂၀၂၃

ထိုင်းနိုင်ငံမှ လအတန်ကြာ မတင်မကျဖြစ်နေခဲ့တဲ့ ဝန်ကြီးချုပ်သစ်ရွေးချယ်မှုကတော့ သြဂုတ် ၂၂ ရက်က ပါလီမန်ရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့အတူ အဆုံးသတ်သွားပြီဖြစ်ပြီး ဖြူထိုင်းပါတီက အဆိုပြုခဲ့တဲ့ ဆရက်သာဝီဆင်ဟာ ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာကာ အစိုးရအဖွဲ့ကို ဦးဆောင်ရတော့မှာဖြစ်ပါတယ်။

ဆရက်သာဝီဆင်ဟာ ပါလီမန်မှာ ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၁၆၅ မဲနဲ့ ကြားနေမဲ ၈၁ မဲရရှိခဲ့တာကြောင့် မိခင်ပါတီနဲ့မဟာမိတ်ပါတီတွေအပြင် စစ်တပ်ကခန့်အပ်ထားတဲ့ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုမဲတွေနဲ့ ဝန်ကြီးချုပ်ဖြစ်လာတာကြောင့် ဖြူထိုင်းပါတီဟာလည်း အစိုးရသစ်ကို ဦးဆောင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်သူ အသက် ၆၀ အရွယ် ဆရက်သာဝီဆင်ဟာ နိုင်ငံရေးမျက်နှာသစ်တဦးဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းရှင်းအသိုင်းအဝိုင်းရဲ့ အခိုင်အမာထောက်ခံမှုကို ရရှိထားသူပါတယ်။ ဒီအတောအတွင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အာဏာအလွဲသုံးစားမှုနဲ့ စစ်တပ်ကဖြုတ်ချပြီးနောက် ပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၅ နှစ်အကြာမှာ ထိုင်းမြေကို ပြန်လည်ရောက်ရှိလာပါတယ်။

သက်ဆင်ရဲ့သမီးဖြစ်သူ ပန်ထောင်တန်ရှင်နာဝပ်ဟာ ဖြူထိုင်းပါတီကို ဦးဆောင်နေတာဖြစ်ပြီး ဖခင်ဖြစ်သူ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခြင်းဟာ ထိုင်းနိုင်ငံရေးအပေါ် သက်ရောက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီနဲ့ မဟာမိတ်ဖွဲ့ခဲ့ပေမယ့် ရှေ့သို့ပါတီရဲ့ မူဝါဒါတွေကြောင့် ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် ဝန်ကြီးချုပ်အဖြစ် ပါလီမန်က ပယ်ချခဲ့အပြီးမှာတော့ စစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေအပါအဝင် ၁၁ ပါတီမဟာမိတ်ဖွဲ့ခဲ့ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံရေးခေတ်သစ်ရဲ့ ပြောင်းလဲမှုအရှိန်အဟုန်ကို မှေးမိန်သွားစေပြီး ဖြူထိုင်းပါတီနဲ့ ကွန်ဆာဗေးတစ်တွေရဲ့ အာဏာဆုပ်ကိုင်မှုဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ဝေဖန်ထားကြပါတယ်။

ဖြူထိုင်းပါတီဟာ ပြီးခဲ့တဲ့မေလရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ဘုရင်စနစ်ရဲ့ မညီမျှတဲ့အုပ်ချုပ်မှုတွေကို အဆုံးသတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ရှေ့သို့ပါတီနဲ့ မဟာမိတ်အဖြစ်ကြေညာခဲ့ပါတယ်။ဒါပေမယ့်လည်း ပီတာလင်ဂျာရိုရတ် ဝန်ကြီးချုပ်ဖြစ်လာရေး နိဂုံးချုပ်ချိန်မှာတော့ တချိန်က ဖြူထိုင်းပါတီဝန်ကြီးချုပ်တွေကို ဖြုတ်ချခဲ့တဲ့ စစ်တပ်မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အဓိက မဟာမိတ်တွေနဲ့ လက်တွဲဖြူတ်ပြီး ယခင်က ရန်သူေတော်ဟောင်းတွေပါဝင်တဲ့ ၁၁ ပါတီမဟာမိတ်အဖွဲ့ကို ဦးဆောင်မယ့် ဖြူထိုင်းပါတီရဲ့ နိုင်ငံရေးခရီးက လွယ်ကူမှာမဟုတ်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲမှ မဲအများဆုံးနဲ့အနိုင်ရခဲ့ပေမယ့် ဝန်ကြီးချုပ်နေရာမရခဲ့သလို အစိုးရကို ဦးဆောင်ခွင့်ဆုံးရှုံးခဲ့တဲ့ ရှေ့သို့ပါတီကတော့ ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရကို ထောက်ခံဖို့ ငြင်းဆိုထားပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒကို ပျက်ပြားစေခဲ့တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

ဖြူထိုင်းပါတီဟာ ရှေ့သို့ပါတီနဲ့ မဟာမိတ်အဖြစ်ကနေ လမ်းခွဲလိုက်တာကြောင့် ပါတီကအဆိုပြုတဲ့ ဝန်ကြီးချုပ်တဦးကို ခန့်အပ်နိုင်ခဲ့ပေမယ့် ရေရှည်မှာ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာမယ်လို့ နိုင်ငံရေးအကဲခတ်တွေက သတိပေးထားပါတယ်။

ဒီအခြေအနေဟာ ဖြူထိုင်းပါတီအတွက် အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး လက်ရှိ ဖြူထိုင်းပါတီက ရေတိုအတွက် တွေးတောလုပ်ကိုင်နေချိန်မှာ ရှေ့သို့ပါတီကတော့ ပိုမိုတိုးတက်ဖြစ်ထွန်းလာမယ့် ရေရှည်အတွက်ကို စဉ်းစားလုပ်ကိုင်နေတာ ထင်ရှားနေကြောင်း ဂျပန်နိုင်ငံ ကန်ဆိုင်ဂိုင်ဒိုင် တက္ကသိုလ်က ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလေ့လာမှုဆိုင်ရာ တွဲဖက်ပါမောက္ခ မာခ်အက်စ်ကိုဂန်က သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ လူကြိုက်အများခဲ့တဲ့ ရှေ့သို့ပါတီဟာ အတိုက်အခံနေရာကနေ ရပ်တည်တော့မှာဖြစ်တဲ့အတွက် လူထုထောက်ခံမှု ပိုမိုရရှိလာနိုင်သလို ဖြူထိုင်းပါတီကို စိတ်ပျက်နေသူတွေရဲ့ ထောက်ခံမှုပါ ထပ်မံရရှိလာနိုင်ကြောင်း သူကဆိုပါတယ်။

စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ပါတီတွေနဲ့ ဖြူထိုင်းပါတီ ပူးပေါင်းလိုက်တာဟာ ဒီမိုကရေစီလိုလားတဲ့ ရှေ့သို့ပါတီနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေကို တံခါးပိတ်လိုက်တာဖြစ်ကြောင်း စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute က သုတေသီ နာပွန်ဂျာတူဆရီပီတက်က ပြောပါတယ်။

လစ်ဘရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ မဲဆန္ဒရှင်တွေရဲ့အမြင်မှာ ပါတီရဲ့ ရပ်တည်ချက်ဟာ ပျက်ပြားသွားပြီဖြစ်တယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။ ဖြူထိုင်းပါတီကတော့ သူဦးဆာင်မယ့်အစိုးရကို ပြန်လည်သင့်မြတ်ရေးအစိုးရလို့ ကင်ပွန်းတပ်သုံးနှုန်းထားပေမယ့် လူထုစစ်တမ်းကောက်ယူုမှုတွေမှာတော့ ဖြေဆိုသူ ၆၄ ဒသမ ၅ ရာခိုင်နှုန်းက လက်ရှိဖွဲ့စည်းမယ့် ညွှန့်ပေါင်းအစိုးရကို မထောက်ခံဘူးလို့ ဆိုပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပြု ကွန်ဆာဗေးတစ် ပါတီတွေနဲ့ ဖြူထိုင်းပါတီ ပေါင်းစည်းလိုက်တာဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လစ်ဘရယ်နဲ့ဒီမိုကရေစီစံနှုန်းတွေကို အနိုင်ယူလိုက်တဲ့ပါတီတခုအဖြစ် သတ်မှတ်ခံရဖွယ်ရှိနေတယ်လို့ ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် ပါတီရဲ့ မဲဆွယ်စည်းရုံးရေး ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အနာဂတ်အစိုးရ မူဝါဒတွေကို ပုံဖော်ဖို့ လုပ်နိုင်စွမ်းကို သိသိသာသာကန့်သတ်ခံထားရမှာဖြစ်ကြောင်း ISEAS-Yusof Ishak Institute က သုတေသီ နာပွန်ဂျာတူဆရီပီတက်က သုံးသပ်ပြောဆိုထားပြီး ဆက်လက် ဖြစ်ပေါ်လာမယ့် ထိုင်းနိုင်ငံရေးအရွေ့တွေက စိတ်ဝင်တစားစောင့်ကြည့်ချင်ဖွယ် အခြေအနေဖြစ်ပါတယ်။

Ref: Time
Photo:Getty Images
#voiceofmyanmar #vom #ထိုင်းဝန်ကြီးချုပ်သစ် #ဖြူထိုင်းပါတီ #နိုင်ငံရေးအရွေ့

Related posts

Leave a Comment

VOM News

FREE
VIEW