ဝိုင်းမော်က နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၅၀၀၀ ကျော်ဖိုး ပါသွား၊ကျူးလွန်သူတွေမမိသေး

ဩဂုတ် ၂၄ – ၂၀၂၃
GG(VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅)က နွားဝယ်ရောင်းလုပ်ကိုင်သူ ဦးမိုးကျော်ထွန်း ဆိုသူရဲ့ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေသားအပါအဝင် သိန်း၅၀၀၀ ကျော်ဖိုး ပါသွားတယ်လို့ သိရပါတယ် ။

ဖြစ်စဥ်မှာ မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ လက်နက်တွေပါတဲ့ အမည်မသိ အမျိုးသား ၆ ယောက်က နေအိမ်အတွင်းဝင်ကာ အိမ်ထဲရှိနေသူတွေကို ​ကြိုးတုပ်ပြီး ရွှေထည်ပစ္စည်း ၊ ငွေသား တွေကို ယူသွားတာ လို့သိရပါတယ်။

” အတွင်းသိသူထဲကဖြစ်ဖို့များတယ်။ လူ ၆ ယောက်ကို ဆိုင်ကယ် ၂ စီးနဲ့လာတယ်။မျက်နာတွေအုပ်ထားတယ်။ အခုဓားပြတိုက်ခံရတဲ့သူက နွားကုန်သည် နွားပွဲစားပေါ့။ သူကတရုတ်ကိုပို့နေတာ ။အမဲခုံလည်းလုပ်တယ်။ ဓားပြတိုက်တဲ့သူတွေတော့ခုထိ မမိသေးဘူး။ ” လို့ ရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။

ဓားပြအတိုက် ခံရမှုကြောင့် နေအိမ်မှာ သိမ်းထားတဲ့ မြန်မာငွေ သိန်း ၁၀၀၀ ကျော် ၊ တရုတ်ငွေ ယွမ် ၈၀၀၀၀ ဝန်းကျင်၊ ရွှေ တပိဿာ ၊ ဆိုင်ကယ် တစီး၊ ဖုန်းအချို့လည်း ပါသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ် ။

ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုလုပ်ပြီး ကျူးလွန်သူတွေကို လိုက်လံရှာဖွေခဲ့ပေမယ့် ခုထိတော့ မမိသေးဘူးလို့ သိရပါတယ် ။

#voiceofmyanmar #VOM #ဝိုင်းမော်

Related posts

Leave a Comment

VOM News

FREE
VIEW