နန့်ယားမှာ စစ်ရှောင်အချို့နဲ့ ပိတ်မိနေတဲ့ ခရီးသွားအချို့ ပေါ်တာဆွဲခံရတယ်လို့ သိရ

ဩဂုတ် ၂၅၊ ၂၀၂၃
Shy V(VOM)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားရွာရှိ နန့်ယားနှစ်ခြင်းဘရားကျောင်းက စစ်ရှောင် အချို့နဲ့ လမ်းမှာ ပိတ်မိသောင်တင်နေတဲ့ ခရီးသွားအချို့ ပေါ်တာဆွဲခံရတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

“မနေ့ညက ကျနော်တို့နားမှာ ပေါ်တာလိုက်ဆွဲနေတာ။ တည်းခိုခန်းမှာ မအိပ်နိုင်တော့ဘူး။ ထွက်ပြေးရတယ်။ တညလုံး ခြင်စာ ဖြစ်သွားတယ်၊ တချို့ ကားသမားတွေရော ခရီးသည်တွေရော ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်ကြပြီး နောက်မှ ကားပေါ် ပြန်လာအိပ်ကြတာ။” လို့ လမ်းခရီးမှာ သောင်တင်နေတဲ့ ခရီးသည်(၁)ဦးက ပြောပါတယ်။

ဒေသခံ(၁)ဦးကလည်း”မနေ့ည ၈ နာရီကနေ ၁၀ နာရီကြား နန့်ယား KBC ဘုရားကျောင်းမှာ စစ်ရှောင်လာတဲ့ အမျိုးသားတွေ၊ နန့်ယားရွာ လမ်းပေါ်မှာ ‌ပိတ်မိသောင်တင်နေတဲ့ ကားသမားတွေနဲ့ ခရီးသည်တွေကိုပါ ပေါ်တာဆွဲသွားတယ်၊ ကချင် နှစ်ခြင်းဘုရားကျောင်းက သာသနာ့ဝန်ထမ်း ဆရာ ၂ ပါး အပါအဝင် ကပ်မှော်၊ ဆိုင်းဖရာ ရွာတွေဘက်က စစ်ရှောင် ၇၀ ကျော်ရော ခရီးသွားပြည်သူတွေ အပါ စုစုပေါင်း ပြည်သူ ၁၀၀ ကျော် ပါသွားတယ်”လို့ ပြောပါတယ်။

မနေ့က ၈ နာရီနဲ့ ၁၀ နာရီ ကြားမှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီ ပြည်သူတွေကို စစ်ကြောင်းမှာ လူသားဒိုင်းအဖြစ်သုံးသွားတာ လို့ နောက်ထပ် ဒေသခံ(၁)ဦးက ပြောပါတယ်။

“သူတို့ ဒီမနက် မိုးမလင်းခင် ၄ နာရီခန့်က စထွက်ခွာပြီ။ လက်နက်ကြီး တဝုန်းဝုန်းနဲ့ ပစ်နေလို့ မဖြစ်တော့ဘူးလို့ ထင်တာ သူတို့ လမ်းကြော ရှင်းတာလို့ သိရတယ်”လို့ သူက ပြောပါတယ်။

မနေ့ညပိုင်းက ဖြစ်သွားတဲ့ကိစ္စကြောင့် လမ်းမှာ ပိတ်မိနေတဲ့ ခရီးသွား ပြည်သူတွေကတော့ ဒီနေ့ လမ်းဖွင့်ဖို့ မျှော်လင့်နေကြတယ်လို့ ခရီးသွား(၁)ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ ခရီးသွားတွေ သွားပြီးရင် လမ်းတွေ ပြန်ပိတ်မယ်လို့လည်း ကြားရတယ်လို့ ဆိုပါတယ်။

လတ်တလော တပ်နဲ့ KIA တို့အကြား ဖားကန့်ဘက်မှာ တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး ယခင်ကလည်း ဖားန့်မြို့နယ်မှာ အခုလို ပြည်သူတွေကို ဖမ်းခေါ်ပြီး လူသားဒိုင်းအဖြစ် သုံးတာ ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #စစ်ရှောင်ပြည်သူ #ပေါ်တာဆွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW