ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးမှု လာရောက်တန်းစီသူများလို့ ခေတ္တ ရပ်ဆိုင်းခဲ့ရ

ဩဂုတ် ၂၇ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီး၊ Aladdin Men Fashion ဆိုင်မှာ ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးမှု လာရောက်တန်းစီသူများလို့ ရောင်းချမှု ခေတ္တရပ်ဆိုင်းခဲ့ရတယ်လို့ Aladdin Men Fashion ဆိုင်ကနေ သိရပါတယ်။

ကြက်ဥအလုံးရေ ၂၀၀၀ နဲ့ ဆန် ၃၅၀ ပြည်ကို ဒီနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၁၁ နာရီမှာ ရောင်းချပေးခဲ့တာဖြစ်ပြီး လာရောက်တန်းစီသူ အလွန်များပြားတာကြောင့် ရောင်းချမှုကို အချိန် နာရီပိုင်းမျှ ခေတ္တ ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်က လူဦးရေ ၅၅၀ စာပဲ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ၆၀၀-၆၅၀ စာလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း လာရောက်တန်းစီတဲ့သူတွေက ခန့်မှန်းချေ ၂၄၀၀-၂၅၀၀ စာလောက်တော့ ရှိမယ်ထင်တယ်။ လူက အခုတခေါက်က အရင်တခေါက်ထက်စာရင် တန်းစီတဲ့သူ အရမ်းများတယ်။ မနှစ်တုန်းကလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ ခန့်မှန်းထားတာနဲ့ဆိုရင် ကွက်တိလောက် ရောင်းချလို့ရမယ်။ အခုကတော့ အရမ်းများသွားတဲ့အတွက် အရောင်းခဏ ရပ်လိုက်ပြီးမှ အခြေအနေကို တစ်ချက်ပြန်ထိန်းပြီးတော့မှ ပြန်လည် ရောင်းချပေးခဲ့ပါတယ်” လို့ Aladdin Men Fashion ဆိုင်ရဲ့ တာဝန်ရှိသူ(၁)ဦးက ပြောပါတယ်။

ရောင်းချပေးရာမှာ တိုကင်ကို အရင်ဝေကာ တိုကင်ရရှိသူက လက်ဗွေနှိပ် ဝယ်ယူရခြင်းဖြစ်ပြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ ရွှေပေါက္ကံ၊ ဒလ အစရှိတဲ့ မြို့နယ်တွေအပြင် တခြားသော မြို့နယ်တွေကလည်း လာရောက်တန်းစီခဲ့ကြတယ်လို့ သိရပါတယ်။

“ရောင်းချပေးတဲ့ပုံစံက တိုကင်ကတ်ပြားလေးတွေ အရင်ဝေလိုက်တာ၊ ပြီးမှ ပြန်လာထုတ်ပေါ့နော်။ အရင်နှစ်ကလည်း ဒီလိုပဲလုပ်ခဲ့တာပေါ့။ ဒါပေမယ့် ဒီနှစ်ကတော့ အဲ့ဒီလို လုံးဝမရဘူး။ အရင်ဆုံး ကတ်ဝေလိုက်တဲ့အချိန်မှာကိုက လူကအရမ်းများနေတော့ ကတ်လုတာတွေဘာတွေလည်း ရှိတယ်၊ နေရာလုတာတွေ၊ စနစ်တကျ တန်းမစီတာတွေလည်းရှိတယ်။ အဲ့ဒီတော့ အရင်ဆုံး တသုတ်ခွဲပြီး ကတ်ဝေလိုက်ပြီးတော့ အရောင်းခဏ ရပ်လိုက်တယ်။ ပြီးမှ လူနည်းနည်းလေး ရှင်းသွားပြီဆိုတော့မှ မှင်နဲ့ လက်ဗွေနှိပ်တဲ့ပုံစံမျိုးလေးနဲ့ ကျွန်တော်တို့ ပြန်ရောင်းပေးပါတယ်”လို့ ဆိုင်တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိကာလ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး အားလုံးခက်ခဲနေတာကြောင့် ကိုယ့်ထက် ခက်ခဲနေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီချင်တာကြောင့် ဆန်နဲ့ ကြက်ဥတွေကို အခုလိုမျိုး အထူးလျှော့ဈေးနဲ့ ရောင်းချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်မှ သွား‌ရောက်တန်းစီဝယ်ယူသူ တဦးက “အခုလိုမျိုး ရောင်းချပေးတာကိုတော့ ကျေးဇူးတကယ်တင်ပါတယ်။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ဈေးလေ။ ဒီအချိန်မှာ တကယ်လည်း လိုအပ်တယ်။ လူကတအားများတော့ တိုးကြိတ်ပြီး ဝယ်ခဲ့ရတာတစ်ခုပဲ။ တအားတိုးကြိတ်ပြီး ဝရုန်းသုန်းကားဖြစ်နေ၊ ကတ်တွေလည်း သူ့ထက်ငါ အပြိုင်လုကြတာလည်းရှိလို့ သူတို့ဘက်က အရောင်းရပ်ပစ်လိုက်ရတဲ့အထိပဲ။ တချို့တွေကတော့ မရတော့ဘူးထင်ပြီး ပြန်ကြတာပေါ့။ ကိုယ်တွေလည်း လမ်းစရိတ်အကုန်ခံပြီး သွားတာ၊ မရတော့ဘူးထင်နေတာ။ တော်သေးတယ်၊ လူနည်းနည်းရှင်းသွားတော့ ပြန်ရောင်းပေးတယ်”လို့ ပြောပါတယ်။

စနစ်တကျ တန်းစီမှုမရှိတဲ့အပေါ်မှာ ရောင်းချပေးမှုအပိုင်း ခက်ခဲခဲ့တာကြောင့် Aladdin Men Fashion အနေနဲ့ အရောင်း ခေတ္တ ရပ်ဆိုင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး အဲ့ဒီ့လို ခေတ္တ ရပ်ဆိုင်းခဲ့မှုအပေါ် လာရောက် တန်းစီသူတွေဘက်က မကျေမနပ်နဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“တိုကင်ရဖို့ကိုတောင် မနည်းတိုးကြိတ်နေကြရတယ်။ တချို့ဆို ကြားဖြတ်ပြီး နှစ်ခါပြန်၊ သုံးခါပြန်တွေ တန်းစီကြတဲ့သူတွေလည်း တွေ့တယ်။ တိုကင်မရလို့ ဆိုင်ကို အော်ဟစ်ပြောဆိုပြီး ပြန်သွားကြတဲ့သူတွေလည်း ရှိတယ်။ တချို့ကတော့ တကယ်လိုအပ်လို့ လာဝယ်ကြသူတွေလည်း ရှိတယ်။ တချို့ကတော့ အဲ့ဒီလိုမဟုတ်ကြဘူးပေါ့။ ကျွန်မကတော့ အခြေအနေဘယ်လိုလဲ သွားကြည့်ရင်းနဲ့ အခြေအနေကောင်းရင်တော့ ဝင်တန်းစီမယ်ပေါ့။ ဒါပေမယ့် လူတအားများလို့ လူအုပ်ထဲတောင် မနည်းတိုးဖို့ခက်လို့ ဒီတိုင်း လှည့်ပြန်ခဲ့ရတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

Aladdin Men Fashion ဆိုင်အနေနဲ့ အခုလို ဆန်နဲ့ ကြက်ဥတွေ ရောင်းချပေးမှုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ပြုလုပ်ခဲ့ဖူးပြီး အခုအကြိမ်ကတော့ တတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။

Photo-Aladdin Men Fashion
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW