ထိုင်း အခွန်ကင်းလွတ်ခွင့်ကာလနဲ့ ကာလအလွန် မြန်မာ့ပြောင်း အခြေအနေ

ဩဂုတ် ၂၇ – ၂၀၂၃
GG (VOM)

မြန်မာ့ ပြောင်းဆန်တွေ ထိုင်းကိုတင်ပို့မှု ကာလပြီးဆုံးဖို့ ၄ ရက်သာ ကျန်ရှိတော့တယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။

ထိုင်းကို ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပါက မြန်မာ့ ပြောင်းဆန်စျေးက လက်ရှိစျေးနူန်းထက် စျေးတန်းပိုကျသွားနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပြောင်းကို ထိုင်းနိုင်ငံ တစ်ခုတည်းကသာ စျေးကောင်းပေးဝယ်ယူပြီး ကျန်တဲ့ ပြည်ပနိုင်ငံတွေက စျေးနည်းတာကြောင့် စက်တင်ဘာလကစတင်ကာ ပြောင်းစျေးကျသွားနိုင်တာဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြောဆိုပါတယ်။

“မြန်မာနိုင်ငံပြောင်းကို ကမ္ဘာစျေးကွက်ထက် ပိုပေးဝယ်နိုင်တာ ထိုင်းနိုင်ငံပဲ ရှိပါတယ်။ ဒါကြောင့် ထိုင်းကို ပို့လို့ရရင် ပြောင်းစျေး တက်နိုင်ပါတယ်။ ပို့လို့မရရင် ပြောင်းစျေးကျနိုင်ပါတယ်။ ထိုင်းကပေးတဲ့စျေးကို ဘယ်သူမှ ပေးပြီးမဝယ်နိုင်ဘူး၊တခြားနိုင်ငံတွေက ဝယ်လည်း စျေးသက်သာမှဝယ်တယ်၊ စျေးကြီးနေရင်ဝယ်မှာမဟုတ်ဘူး”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုဖြိုးကိုကိုနိုင်ကပြောပါတယ်။

ထိုင်းနိုင်ငံ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်သွင်းခွင့်ကာလဟာ ဖေဖော်ဝါရီလကစပြီး အခု ဩဂုတ် ၃၁ ရက်နေ့မှာကုန်ဆုံးမှာဖြစ်ကြောင်း ၊ထိုင်းနိုင်ငံဟာ တစ်နှစ်ပတ်လုံး ပြောင်းဝယ်ယူတာမဟုတ်ဘဲ ၎င်းတို့ရဲ့အခွန်ကင်းလွတ်ခွင့်ကာလမှာသာ ပြောင်းကိုဝယ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပြောင်း တင်သွင်းခွင့်ကာလအတွင်း ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းဖြစ်တဲ့ မြဝတီ-အာရှလမ်းမှာ ကုန်ကားတွေမီးရှို့ခံရတာ၊ဗုံးကွဲတာ၊တိုက်ပွဲဖြစ်တာတွေကြောင့် ကုန်သွယ်မှုရပ်တန့်ခဲ့ရသလို ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကစပြီး အာရှလမ်းမှာ မြေပြိုမှုကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားလို့ ဩဂုတ်လ ၂၅ ရက်နေ့အထိ ထိုင်းဘက်ကိုပြောင်းတင်ပို့မှုရပ်တန့်ခဲ့ရပါတယ်။

နောက်ပြီး ထိုင်းကို မြဝတီနယ်စပ်ကုန်သွယ်ရေးကနေ ပြောင်းတင်ပို့ဖို့အတွက် လိုင်စင်လျှောက်ရာမှာ ငွေထည့်ပေးတဲ့ ကုမ္ပဏီနဲ့ ဝယ်ယူမယ့် ကုမ္ပဏီအမည် မတူလို့ဆိုပြီး ပို့ကုန်ကြေညာလွှာ Form D မထုတ်ပေးတာကြောင့် ပြောင်းတင်ပို့မှု တန်ချိန် သောင်းနဲ့ချီလျော့ကျခဲ့သလို ငွေကြေးဆုံးရှုံးနစ်နာမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကုန်သွယ်မှုမလုပ်ခဲ့ရတဲ့ ရက်တွေ ကြာမြင့်မှုရှိခဲ့လို့ ထိုင်းနိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ကာလကို သက်တမ်းတိုးပေးဖို့ ထိုင်းဘက်ကို တောင်းဆိုခဲ့ပေမယ့်လည်း ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

“အသင်းက နူတ်အားဖြင့်ပြောခဲ့တယ်၊ စီး/ကူးဘက်ကတော့ စာနဲ့တောင်းဆိုတယ်၊ဒါပေမယ့် ထိုင်းနိုင်ငံ အစာစပ် စက်ရုံတွေက သူတို့ရဲ့ ပြောင်းလက်ကျန်က လုံလောက်တဲ့အပြင် ထိုင်းရဲ့ပြောင်းပေါ်ချိန်လည်း ရောက်နေလို့ ပြောင်းလိုအပ်ချက် မရှိဘူးလို့ တင်ပြတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အကောက်ခွန်လွတ် ပြောင်းတင်ပို့ခွင့် သက်တမ်းကို ထိုင်းဘက်က ထပ်ပြီး တိုးမပေးတော့ဘူးလို့ သိရတယ်”လို့ ကိုဖြိုးကိုကိုနိုင်က​ထပ်မံ ပြောပါတယ်။

အကယ်၍သာ ​ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းဖြစ်တဲ့ မြဝတီအာရှလမ်းပိုင်းမှာ မိုင်းခွဲတာ၊ကားမီးရှို့တာ၊ တိုက်ပွဲကြောင့် ကုန်ကားတွေသွားလာမရတာ၊ မြေပြိုမှုကြောင့် ကားတွေဖြတ်သန်း သွားလာလို့ မရတာတွေမဖြစ်ခဲ့ရင် ကုန်သွယ်မှု ပိုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းကို ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပါက မြန်မာ့ပြောင်းကို တရုတ် ၊ဗီယက်နမ် ၊ဖိလစ်ပိုင်အပါအဝင် ပြည်ပနိုင်ငံတွေကို ပင်လယ်ရေကြောင်း နဲ့ နယ်စပ်ကုန်သွယ်ရေးကနေ တင်ပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

” တရုတ်နဲ့ ဗီယက်နမ်က ပိုဝယ်မယ်လို့ထင်တယ်။ဒါပေမယ့် ဖိလစ်ပိုင်ကလည်းဝယ်တယ်၊သူတို့က မတိမ်းမယိမ်းပါပဲ သိပ်မကွာဘူး။ တရုတ်ကတော့ သူတို့မူဝါဒအရ ဝယ်ရင်လည်း အများကြီး ဝယ်တယ်၊ သူတို့မူဝါဒခက်ခဲရင်တော့ အများကြီးမဝယ်ဘူး။အဲ့ဒါဆိုရင်တော့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကဝယ်လိမ့်မယ် ၊စျေးက ကမ္ဘာ့စျေးအပေါ်မူတည်သွားတာပေါ့”လို့ ပြောင်းကုန်သည်တစ်ဦးကပြောပါတယ်။

ပို့ကုန်တွေကို ၅၀ : ၅၀ ရာခိုင်နူန်း မူဝါကလည်း Online Trading Platform တင်ရတဲ့အတွက် Exporter ရောင်းခွင့်ရှိတဲ့ ၅၀ရာခိုင်နူန်းဟာ တစ်ဒေါ်လာ ၂၉၂၀ ဝန်းကျင်ပဲ ရတာကြောင့် ပြင်ပဒေါ်လာပေါက်စျေးနဲ့ ကွာဟနေလို့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တိုင် သွင်းကုန်မလုပ်နိုင်ပါက ပိုပြီးခက်ခဲတဲ့အနေအထား ဦးတည်နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။

၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံ အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ပြောင်းတင်ပို့မှုကာလမှာ ပြောင်းတန်ချိန် ၁.၇သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး တောင်သူတွေစျေးကောင်ရခဲ့ကာ ပြောင်းကုန်သည်တွေ နဲ့ လှောင်သမားတွေကတော့ ဆုံးရှုံးမှုများတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ပြောင်းကုန်သည်တွေကပြောပါတယ်။

” စျေးတက်ချိန် တောင်သူကရောင်းတော့ စျေးကောင်းရတယ်၊လှောင်သမားတွေနဲ့ကုန်သည်တွေက ထိုင်းဘက်ကို ပြောင်းအချိန်မှီပို့ခွင့်မရတဲ့အခက်အခဲတွေ၊ပြဿနာတွေကြောင့် အရှုံးတွေများခဲ့တယ်။ပြောင်းပို့ခွင့်သက်တမ်း ထပ်တိုးတောင်းတော့လည်း မရဘူး။စျေးက ထပ်ကျဖို့ပဲရှိတယ်။အခုထိုင်းဘက်မှာ တစ်ကီလိုကို ၁၁ ဘတ်လောက်ပေါက်တယ်သိရတယ်။စျေးက အချိန်နဲ့အမျှပြောင်းလဲမှုကဖြစ်နေတာ”လို့ ပြောင်းကုန်သည်တစ်ဦးကပြောပါတယ်။

ထိုင်းကို ပြောင်းနဲ့ပတ်သက်ပြီး ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (Phytosanitary Certificate)ကို ကုန်တွေချ ပိုးသတ်ပြီးမှ ထုတ်ပေးမယ်ဆိုတဲ့ မူဝါဒအသစ်လည်း ထပ်မံထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိပြည်တွင်းမှာ ပြောင်းလက်ကျန် တန်ချိန် ၂ သိန်းဝန်းကျင် ကျန်ရှိကြောင်း ၊ ပြည်တွင်းက ပြောင်းကို မွေးမြူရေးအစာစပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက အသုံးပြုကြတာဖြစ်ပါတယ်။

“ပြည်တွင်းက တစ်လကို ပြောင်း ၁ သိန်းမဟုတ်တောင် ၅၀၀၀၀ ကနေ ၇၀၀၀၀ကြား သုံးတယ်။မကြာခင်လည်း မိုးပြောင်းတွေပေါ်တော့မှာဖြစ်တယ်။မိုးပြောင်းပေါ်ရင်လည်း အဟောင်းနဲ့အသစ်ကရော သုံးရတာဆိုတော့ လက်ကျန်ပြောင်းနဲ့အဆင်ပြေပါတယ်”လို့ ပြောင်းကုန်သည် နောက်ထပ်တစ်ဦးကပြောပါတယ်။

မိုးစပါး ပြောင်းအသစ်တွေအနေနဲ့ လာမယ့် စက်တင်ဘာလမှာ စတင်ရိတ်သိမ်းတော့မှာဖြစ်ပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ပြောင်းအများဆုံး ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြောင်းစျေးက ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၂၁၀ ကျပ်ကနေ ၁၂၃၀ ကျပ်စျေးရှိပြီး မန္တလေးစျေးကွက်မှာတော့ တစ်ပိဿာကို ၁၁၆၇ ကျပ်ကနေ ၁၁၈၄ ကျပ်စျေးရှိကာ လက်လီရောင်းချတဲ့စျေးကွက်မှာ ပြောင်းဆန် တစ်ပိဿာကို ၁၆၀၀ ကျပ်ရှိနေပါတယ်။

#voiceofmyanmar #VOM #ပြောင်းဆန်တင်ပို့မှု #ထိုင်းအခွန်ကင်းလွတ်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW