ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးမှုရဲ့ နောက်ကွယ်

မျိုးဆက်(VOM)
သြဂုတ်-၃၀-၂၀၂၃

လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက မော်စကိုကနေ စိန့်ပီတာစဘတ်ကို သွားရာလမ်းမှာ ဝဂ္ဂနာကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျ သေဆုံးခဲ့ပြီး ဒီနေ့မှာတော့ သူ့ဈာပနကို စိန့်ပီတာစဘတ်မှာ ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် အောင်မြင်မှုအချို့ရယူပေးနိုင်ခဲ့တဲ့ ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင် ဟာ လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပြီး ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးမှုအပေါ် သံသယဖြစ်ဖွယ် မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဝဂ္ဂနာအဖွဲ့ဟာ ရုရှားစစ်တပ်ကို ပုန်ကန်မှုပြုခဲ့ပြီး အဖွဲ့ခေါင်းဆောင်ပရီဂိုဇင် အဲဒီအချိန်က သက်ရှိထင်ရှားရှိနေသေးပေမယ့် ရုရှားအစိုးရအမျက်ရှခံခဲ့ရတာကြောင့် သူ့ကို လမ်းလျှောက်နေတဲ့ လူသေအဖြစ် သတ်မှတ်ခဲ့ကြကာ များမကြာခင်အချိန်အတွင်း အခုလိုလေယာဉ်ပျက်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။

ပရီဂိုဇင်နဲ့အတူ ဝဂ္ဂနာအဖွဲ့ရဲ့ လက်ရုံးတွေလည်း သေဆုံးခဲ့ပါတယ်။ လေယာဉ်ဟာ မပျက်ကျမီ ပစ်ချခံရတာ သို့မဟုတ် လေယာဉ်ပေါ်မှာ ပေါက်ကွဲမှုတခုကြောင့် ပျက်ကျဖွယ်ရှိကြောင်း သုံးသပ်မှုတွေရှိနေပြီး ဒီဖြစ်စဉ်မှာ ရုရှားအစိုးရပါဝင်ပတ်သက်နေတယ်လို့ ထင်ကြေးပေးမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ဒီလိုထင်ကြေးပေးသုံးသပ်မှုတွေထွက်ပေါ်လာတာကလည်း အတိတ်ကအကြောင်းရင်းခံတွေက ရှိလို့နေပါတယ်။ ရုရှားအစိုးရကို ပုတ်ခတ်ဝေဖန်သူတွေ၊ စိန်ခေါ်သူတွေနဲ့ သစ္စာဖောက်သူတွေရဲ့ သွားရာလမ်းက ဖြောင့်ဖြူးခဲ့ခြင်းတော့မရှိလှ။

ရုရှားထောက်လှမ်းရောအရာရှိဟောင်း အလက်ဇန်းဒါးလစ်ဗီဟာ ရေဒီယိုသတ္တိကြွ ပိုလိုနီယမ်-၂၁၀ အဆိပ်သင့်ပြီး ၂၀၀၆ ခုနှစ်အတွင်း လန်ဒန်မှာသေဆုံးခဲ့ရသလို ဗြိတိန်ကို ထွက်ပြေးခိုလှုံခဲ့တဲ့ ရုရှားထောက်လှမ်းရေးအရာရှိဟောင်း ဆာဂေးခရစ်ပါနဲ့ သမီးယူလီယာတို့ဟာလည်း နိုဗီချော့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်ခတ်လုပ်ကြံခံခဲ့ရပြီး အသက်ဘေးက လက်မတင်လွတ်မြောက်ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားအစိုးရကို ဝေဖန်သူတွေ၊ အစေးမကပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အတိုက်အခံတွေဟာလည်း အထပ်မြင့်တိုက်ပြတင်းပေါက်တွေကနေ ပြုတ်ကျသေဆုံးတာမျိုး ဖြစ်စဉ်တွေက များစွာရှိနေပြီး ၂၀၂၀ ခုနှစ်ကလည်း ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီဟာ လေယာဉ်ပေါ်မှာ အဆိပ်ခတ်လုပ်ကြံခံခဲ့ရကာ ဂျာမနီမှာ ကုသမှုခံယူခဲ့ရလို့ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် ထောင်သွင်းအကျဉ်းချခံထားရပါတယ်။

လက်ရှိကတော့ ရုရှားစစ်တပ်ကို ပုန်ကန်မှုပြုခဲ့တဲ့ ပရီဂိုဇင်ရဲ့ အလှည့်လို့ဆိုရတော့မှာဖြစ်ပါတယ်။ ပရီဂိုဇင်ရဲ့ ကိုယ်ပိုင်လေယာဉ် ပျက်ကျတဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ရုရှားအစိုးရက ငြင်းဆိုထားပေမယ့် ဒီအပေါ်မှာ ထင်ကြေးပေးသုံးသပ်မှုတွေက ရုရှားအစိုးရကို တိုက်ရိုက်ရည်ညွှန်းနေပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပရီဂိုဇင်လေယာဉ်ပျက်ကျသေဆုံးမှုမှာ ရုရှားအစိုးရပါဝင်နိုင်ကြောင်း မှတ်ချက်ပြုထားပြီး ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မသိရသေးပေမယ့် မအံ့သြဘူးလို့ ဆိုပါတယ်။

ယူကရိန်းစစ်မြေပြင်ကနေ ရုရှားစစ်တပ်ကို တော်လှန်ပုန်ကန်မှုပြုပြီးနောက်ပိုင်း ဝဂ္ဂနာအဖွဲ့နဲ့ ပရီဂိုဇင်တို့ရဲ့ လုပ်ရပ်အပေါ် ပူတင်ရဲ့ ရုရှားအစိုးရက ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပရီဂိုဇင်ဟာ ဝဂ္ဂနာအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်အဖြစ် ရုရှားပြည်သူတွေကြားမှာ ထောက်ခံမှုရရှိထားသူဖြစ်ပြီး ဒီလိုပုံစံနဲ့ အဆုံးသတ်မယ်လို့ ယူဆမထားကြပါဘူး။

ရုရှားအစိုးရအတွက် ဝဂ္ဂနာအဖွဲ့ဟာ များစွာအထောက်အကူရနေပေမယ့် ပုန်ကန်မှုအပြီးမှာ ပရီဂိုဇင်နဲ့ ဝဂ္ဂနာအဖွဲ့က စစ်သားတွေဟာ ရုရှားရဲ့ မဟာမိတ် ဘီလာရုစ်ကို ပြောင်းရေ့ွှဖို့ ရုရှားအစိုးရနဲ့ သဘောတူညှိနှိုင်းခဲ့ကြပါတယ်။

ဝဂ္ဂနာအဖွဲ့ဟာ မာလီနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့အပါအဝင် အာဖရိကဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ခြေလှမ်းခပ်သွက်သွက်လုပ်ဆောင် အောင်မြင်နေပြီး ပရီဂိုဇင်ဟာ မာလီက စစ်အခြေစိုက်စခန်းတခုမှာ ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ရုပ်သံတခုလည်း မသေဆုံးမီ ရက်ပိုင်းအလိုက ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဝဂ္ဂနာအဖွဲ့ရဲ့ ပုန်ကန်မှုဟာ ပူတင်ရဲ့ ၂၃ နှစ်တာ အုပ်ချုပ်မှုသက်တမ်းအတွင်းမှာ ရုရှားအစိုးရအတွက် အကြီးမားဆုံးသော စိန်ခေါ်တရပ်ဖြစ်လာပြီး အဖွဲ့ခေါင်းဆောင်ပရီဂိုဇင်ဟာ အခြားသူတွေလိုပဲ ရုရှားအစိုးရရဲ့ ပစ်မှတ်ထား လက်စားချေမှုနဲ့ ကြုံတွေ့ရနိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။

ဒါဟာ ရုရှားသမ္မတပူတင်ရဲ့ အတိုက်အခံတွေကို လက်စားချေမှု၊ ထူးဆန်းစွာသေဆုံးမှု စတဲ့ဖြစ်စဉ်တွေနဲ့ အလားသဏ္ဍန်တူတယ်လို့ အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဘန်းစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်တို့ကလည်း ပြောဆိုထားပါတယ်။

ပရီဂိုဇင် အသက်ရှင်နေသမျှကာလပတ်လုံး အံ့သြနေမိမှာဖြစ်ကြောင်း ဝဂ္ဂနာအဖွဲ့ရဲ့ ပုန်ကန်မှုအပြီးမှာ ရုရှားနိုင်ငံရေးအကဲခတ်တဦးကဆိုထားပြီး လေယာဉ်ပျက်ကျသေဆုံးမှုရဲ့ နောက်ကွယ် အကြောင်းရင်းတွေကတော့ ဒွိဟဖြစ်ဖွယ်အခြေအနေတွေ ပြည့်နှက်လို့နေပါတော့တယ်။

Ref: BBC/Reuters
#voiceofmyanmar #VOM #ဝဂ္ဂနာခေါင်းဆောင်ပရီဂိုဇင် #လေယာဉ်ပျက်ကျသေဆုံးမှုရဲ့နောက်ကွယ်

Related posts

Leave a Comment

VOM News

FREE
VIEW