လူမှုကွန်ရက်ကနေ ဒေါ်လာရောင်းဝယ်သူတဦးကို ဗဟိုဘဏ်အရေးယူ

စက်တင်ဘာ ၁ – ၂၀၂၃
SN (VOM)

လူမှုကွန်ရက်မှာ နိုင်ငံခြားငွေတွေ ရောင်းချနေမှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အသွင်ယူစစ်ဆေးရာမှာ ဒေါ်လာရောင်းချတဲ့ သက်သေတွေနဲ့အတူ ဖမ်းဆီးရမိသူတဦးရှိပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ အသွင်ယူစစ်ဆေးမှုမှုအရ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ “ဒေါ်လာ Dollar Buy/Sell Market and News” နဲ့ “ယူရို၊ ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” တို့ဟာ အမေရိကန်ဒေါ်လာ တဒေါ်လာနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို တရားဝင်ပေါက်ဈေးထက် ကျော်လွန်ပြီး ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ကာ တရားမဝင် ရောင်းဝယ်မှုတွေ ပြုလုပ်လျက်ရှိတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဩဂုတ်လ ၂၈ ရက်နေ့က ဖော်ပြပါ Facebook Page မှတဆင့် အမေရိကန်ဒေါ်လာ ရောင်းချသူတဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဩဂုတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အခုက စီးပွားရေးသမား အကုန်လုံးလိုလိုကို လိုက်ဖမ်းနေတဲ့သဘောရှိတယ်။ လက်ရှိမှာ စီးပွားရေးသမား တော်တော်များများလည်း ရှောင်ကြ၊ တိမ်းကြ၊ ပြေးကြပေါ့။ ဘယ်သူ ဘယ်နေ့ အခေါ်ခံရမလဲ၊ အဖမ်းခံရမလဲက မသိဘူးလေ။ သူတို့ ၂၉၂၀ ကျပ်နဲ့ ရောင်းပေးနေတဲ့ ဒေါ်လာက သူတို့ဆီမှာ လိုသလောက် ဝယ်လို့ရတာမှ မဟုတ်တာ။ သူတို့သာ လုံလုံလောက်လောက် ရောင်းပေးရင် ဒီလိုတွေဖြစ်စရာ အကြောင်းမရှိဘူး။ သူတို့ပြောတဲ့ ဈေးနှုန်းတည်ငြိမ်အောင် လုပ်တယ်ဆိုတာက အားလုံးသိတဲ့အတိုင်းပဲ ဒါက အမှားကြီး။ ဒီလို‌တွေ လုပ်နေရုံနဲ့ ဒေါ်လာဈေးက ကျလာမှာမဟုတ်ဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ကတော့ ပြင်ပဈေးကွက်မှာ သတ်မှတ်‌ရည်ညွှန်းဈေးထက်ကျော်လွန်ပြီး နိုင်ငံခြားငွေ ရောင်းဝယ်မှုတွေဟာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ်အရေးယူလျက်ရှိတယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉ အရ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ် ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရရှိသူတွေကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူတွေဟာ နိုင်ငံခြားငွေ ငွေသားနဲ့ ခရီးသွားချက်လက်မှတ်တွေကိုသာ ရောင်းဝယ်ခွင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ မှာ “ပြည်တွင်း၌ နေထိုင်သူတဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ယင်းနှင့် ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိပြီး ၆ လကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချ လဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူတွေအနေနဲ့ မိမိတို့နဲ့အတူပါလာတဲ့ နိုင်ငံခြားသုံးငွေတွေကို Declaration ပြုလုပ်ဆောင်ရွက်သွားကြဖို့နဲ့ တရားဝင်လိုင်စင်ခွင့်ပြုထားတဲ့ နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း လိုင်စင်ရရှိသူတွေနဲ့ နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရရှိသူတွေဆီမှာသာ နိုင်ငံခြားသုံးငွေတွေ လဲလှယ်ဝယ်ယူ ရောင်းချသွားဖို့ ဗဟိုဘဏ်က အသိပေးချက် ထုတ်ပြန်ထားပါတယ်။

Photo Crd – Original Uploader
#voiceofmtanmar #VOM #လူမူကွန်ရက်ကနေဒေါ်လာရောင်းသူ #ဗဟိုဘဏ်အရေးယူမှု

Related posts

Leave a Comment

VOM News

FREE
VIEW