မြိုင်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဆရာ/ဆရာမ ၁၁ ယောက် ဖမ်းခံရ

စက်တင်ဘာ ၊ ၂ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ပေါ်မှာရှိတဲ့ မြို့နယ် ထွေ/ အုပ်ရုံးနဲ့ မြို့မရဲစခန်းနေရာမှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က တစ်နာရီ နီးပါး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကျောင်းဆရာ/ဆရာမ ၁၁ ယောက် ဖမ်းဆီးခံရတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီ ဝန်းကျင်မှာ ကိုင်းတောမရွာဘက်ကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက မြိုင်မြို့ ၊ အမှတ် ၃ ရပ်ကွက်ထဲကို ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်းရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတယ် ၊ အဲ့ဒီအပြင် ရွာခံ ဦးမြဝင်းနဲ့ ကိုမျိုးဆိုသူ ၂ ယောက်ကို ဖမ်းဆီးသွားတယ် ၊ အဲ့ဒီနောက် မြို့ထဲမှာ မြို့နယ် ထွေ /အုပ်ရုံးနဲ့ ရဲစခန်းမှာ အပြန်အလှန် ပစ်ကြတယ် ၊ ပစ်ခတ်မှုတွေဖြစ်ပြီး အလက ၃ က ကျောင်း ဆရာ/ဆရာမ ၁၁ ယောက်ကို ဖမ်းသွားတယ် ” လို့ မြိုင်မြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဒီမနက် ၈ နာရီ ၄၅ ကနေ ၊ ၉ နာရီ ၂၀ ကြားမှာ မြိုင်မြို့ပေါ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားတယ် ၊ အလက ၄ ကျောင်းက ကလေးတစ်ယောက်နဲ့ ကျောင်းသား မိဘ တစ်ယောက် ပစ်သတ်သွားတယ်လို့ ကနဦး ကြားရတယ် ၊ ကျောင်းဆရာ/ဆရာမ ၁၁ ယောက်ကိုလည်း အမည်မသိ (စုံစမ်းဆဲ) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ဆုတ်ခွာ ထွက်ပြေးရာနောက်ကို လိုက်လံပြီး နယ်မြေရှင်းလင်းနေတယ် “လို့ ပြောပါတယ်။

မြိုင်မြို့ခံ တယောက်ကလည်း” မြိုင်မြို့ကို ဆက်သွယ်ထားတဲ့ အဓိက ကားလမ်း ၃ ခုရှိတယ် ၊ ပခုက္ကူ – မြိုင် ကားလမ်း ၊ ရေစကြို – လင်းကတော မြိုင်း ကားလမ်း ၊ ပခုက္ကူ – ကမ္မ – ကိုင်းတောမ – မြိုင် ကားလမ်းဆိုပြီးရှိတယ် ၊ အဲ့ဒီ လမ်းအားလုံး ၊ လမ်းပေါ်မှာ သစ်ပင်တွေလှဲထားတယ် ၊ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့မရတာ ၂ လ ကျော်ပြီ ၊ မြိုင်မြို့ပေါ်ကို အဆက်အသွယ် ဖြတ်တောက်ခံထားရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း ပခုက္ကူမြို့ကနေ အစည်းဝေးကနေ ရေစကြိုမြို့ကို ပြန်လာတဲ့ ဆရာ/ဆရာမ အယောက် ၆၀ ကျော်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်တာ ဖြစ်ပွားခဲ့ပါသေးတယ်။

မြိုင်မြို့ဟာ ပခုက္ကူမြို့ရဲ့ မြောက်ဘက် ၂၇ မိုင်ခန့်အကွာ ၊ မုံရွာ – ပုသိမ်ကားလမ်းပေါ်မှာတည်ရှိပြီး မြို့လူနေရပ်ကွက် ၃ ခုရှိတယ်လို့ သိရပါတယ်။

#voiceofmtanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW