မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ ပြန်လည်သုံးသပ်ပြီး ထိပ်သီးဆွေးနွေးပွဲမှာ အကြံပြုချက် တင်ပြဖို့ အာဆီယံ စီစဉ်

ဂျကာတာ၊ စက်တင်ဘာ-၄-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာဘက်က အကောင်အထည်ဖော်မှုနည်းပါးတဲ့အပေါ် အာဆီယံသံတမန်တွေက ပြန်လည်သုံးသပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအပါအဝင် အခြားရေးရာတွေကို ဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တွေ့ဆုံနေကြပါတယ်။

ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုအတိုင်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် အကြံပြုချက်တခု တင်ပြသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲသွားပြီးနောက် ဒီအကျပ်အတည်းကို ဖြေရှင်းရေးအတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံအဖွဲ့က ချမှတ်ခဲ့ပေမယ့် မြန်မာဘက်က အကောင်အထည်ဖော်မှုအားနည်းတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။

အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေက မိတ်ဖက်တွေနဲ့ ဂျကာတာမှာ ထိပ်သီးဆွေးနွေးကြမှာဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတဂျိူးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ တက်ရောက်မှာမဟုတ်ပေမယ့် အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်နဲ့ တရုတ်ဝန်ကြီးချုပ် လီချန်းတို့ တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။

Ref: Straits Times
Photo: Reuters

#voiceofmyanmar #VOM #AseanDiplomatsMeet #toReview #StalledMyanmarPeacePlan

Related posts

Leave a Comment

VOM News

FREE
VIEW