ပုသိမ် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ မိသားစု ၁၄၉ စုကို ဖယ်ရှားဖို့ အမိန့်ထုတ်

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃
SP (VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ စည်ပင်သာယာရေး ဦးစီးဌာန ၊ အိုးအိမ်ဌာနပိုင် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ အိမ်ထောင်စုတွေကို မနက်ဖန် စက်တင်ဘာ ၂၉ ရက်နောက်ဆုံးထားပြီး နေအိမ်က ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတယ်လို့ ​အဲ့ဒီ အိမ်ရာမှာနေထိုင်တဲ့ သူတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိမ်ခန်း ၃၃ ခန်းမှာနေထိုင်တဲ့သူတွေကို ဖယ်ရှားပြီးပြီ ၊ မနက် စက်တင်ဘာ ၂၉ ရက်မှာ နောက်တကြိမ် အိမ်ခန်းပေါင်း ၁၄၉ ခန်း ထွက်ပေးဖို့ အမိန့်ထုတ်ထားတာ ” လို့ ပြည်တော်သာ အိမ်ရာမှာနေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ပြည်တော်သာ ဝန်ထမ်း အိမ်ရာမှာ နေထိုင်တဲ့ အိမ်ထောင်စု တချို့ကို စိစစ်ပြီး ဖယ်ရှားခိုင်းတာပါ ၊ စစ်ဆေးတွေ့ရှိချက်အရ အဲ့ဒီအိမ်ရာမှာနေထိုင်တဲ့ အိမ်ထောင်စုတွေထဲမှာ CDM လုပ်ထားတဲ့ ဝန်ထမ်းမိသားစုတွေရှိတယ် ၊ အဲ့ဒီ အပြင် အိုးအိမ် ဦးစီးဌာနနဲ့ မသက်ဆိုင်တဲ့ မိသားစုတွေပါတယ် ၊ တဆင့်ခံ အငှားနေထိုင်တဲ့သူတွေ နောက်ပြီး ရောင်းဝယ်လုပ်ထားတာတွေ တွေ့ရတယ် ၊ နောက်ပြီး နေထိုင်တာမရှိပဲ အိမ်ပိတ်ထားတာတွေရှိတယ် ၊ အဲ့ဒါတွေကို စိစစ်ပြီး ဖယ်ရှားနေတာဖြစ်တယ် ၊ မနက်ဖန်ကို နောက်ဆုံးထားပြီး အိမ်ခန်း ၁၅၀ နီးပါး ဖယ်ရှားဖို့ လုပ်နေတယ် ” လို့ ပြောပါတယ်။

သက်ဆိုင်ရာက ထုတ်ပြန်တဲ့ အမိန့်စာကို လေစားလိုက်နာမှုမရှိသူတွေကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ပြောပါတယ်။

အဲ့ဒီလို ဖယ်ရှားခံရတဲ့ အိမ်ထောင်မိသားစုတွေထဲမှာ လုပ်သက်ရင့် ဝန်းထမ်းဟောင်း မိသားစုတွေပါဝင်သလို ဝန်ထမ်းမဟုတ်သူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
နစက အာဏာရယူပြီးနောက်ပိုင်း ဌာနဆိုင်ရာ အိမ်ရာတွေ တိုက်ခန်းတွေ ငှားရမ်းထားတာတွေကို ဖယ်ရှားတာ မြို့အတော်များများမှာတွေ့ရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ပြည်တော်သာဝန်ထမ်းအိမ်ရာ

Related posts

Leave a Comment

VOM News

FREE
VIEW