ဩဂုတ် ၁၈ ၊ ၂၀၂၆
CC (VOM)
စစ်ကိုင်းတိုင်း နဲ့ ဧရာဝတီတိုင်းထဲက ရေနစ်မြုပ်နေတဲ့ မိုးစပါးစိုက်ဧက အများအပြားဟာ ပျက်စီးဆုံးရှုံးတဲ့အခြေအနေ ဖြစ်သွားပြီလို့ တောင်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက လေးမျက်နှာ မြို့နယ်၊ ဟင်္သာတ ၊ ကျုံပျော် ၊ငါးသိုင်းချောင်း ၊ရေကြည် ၊ ကျောင်းကုန်း မြို့နယ်တွေထဲက မိုးစပါစိုက်ခင်းတွေဟာ ရေနစ်မြုပ်မှုဒဏ်ခံနေရတာ ၁၅ ရက်ကျော် အထိ ရှိလာပြီဖြစ်တဲ့အတွက် ပျက်စီးဖို့များသွားပြီလို့ ဆိုပါတယ်။
” လယ်ကွင်းတွေ ပင်လယ်ပြင်ကြီးဖြစ်နေပြီ ။ ဘာအပင်မှမတွေ့ရတော့ဘူး ။ ရေနစ်သွားတဲ့စပါးပင်တွေက ကြာနေပြီ ပျက်စီးပြီလေ။ ဘာမှလုပ်လို့မရတော့ဘူး။ တချို့သက်ငယ်စပါးတွေက နှံမဖောက်နေပြီ။တချို့က ဖုံးတုံးလုံးတုံးဖြစ်နေပြီ။ ဒါတွေက ဘယ်လိုမှပြန်မကောင်းနိုင်တော့ဘူး။ တချို့ဆိုခုချိန်မှ ပေါ်ဆန်းကိုပျိုးထောင်ကြတာရှိတယ်။အခုပုံစံဆို ပျိုးထောင်ဖို့လည်း မပြေတော့ဘူး ။စိုက်ဖို့ကလည်း မပြေဘူး ။ အခုမနစ်သေးတဲ့ စပါးခင်းတွေကလည်း နောက်ရက်ဆို အကုန်နစ်မှာပဲ ။ လေးမျက်နှာက ရေက ဒီကိုလာမှာ ။ရေစီးတဲ့လမ်းတကြောက လယ်မှန်သမျှ ဘာမှမကောင်းတော့ဘူး။ အကုန်ရှုံးကုန်ပြီ။ဘာမှလုပ်လို့မရတော့ဘူး ။သားသမီး တူ၊တူမတွေလည်း ပြောလိုက်တယ် လယ်ဆို တသက်လုံးမလုပ်ကြနဲ့ ။ စိတ်ဓာတ်တွေကျတယ်။ ” လို့ ရေကြည်မြို့နယ် တောင်သူက ပြောပါတယ် ။
ဟင်္သာတ ၊ ကျုံပျော် ၊ငါးသိုင်းချောင်း ၊ရေကြည် ၊ ကျောင်းကုန်း မြို့နယ်တွေမှာဆိုရင် မိုးစပါးစိုက်ဧက သိန်းနဲ့ချီစိုက်ပျိုးထားကြောင်းသိရပြီး လက်ရှိမှာ မိုးစပါးစိုက်ဧက သောင်းနဲ့ချီပြီး ရေနစ်မြုပ်နေတယ်လို့ သိရပါတယ် ။
” လေးမျက်နှာတခုတည်းတင် ဧကနှစ်သောင်းကျော်ရေနစ်နေတာ ။ အဲဒီအခင်းတွေ ဘာမှလုပ်လို့မရတော့ဘူး။ ဧရာဝတီတိုင်းရဲ့ အသက်က စပါးစိုက်တာပဲလေ။ အခုအကုန်ပျက်စီးတော့ လယ်ဆိုတဲ့အသံကို မကြားချင်တော့ဘူး။ငါးသိုင်းချောင်း – ရေကြည်လမ်းတလျှောက်က လယ်ကွင်းတွေလည်း အကုန်မြုပ်။ ရွာဘက်တွေလယ်ကွင်းဘာမှမရှိတော့ဘူး ရေပြင်ကြီးဖြစ်နေပြီ။ လယ်သမားက တနှစ်ကြွေးတင်ရင် သုံးနှစ်ဆပ်မကြေဘူး။ အခုတော့ မနှစ်ကမိုးလည်း စျေးမကောင်းလို့ရှုံး ၊ပဲကျတော့လည်း အထွက်လျော့ စျေးမကောင်းလို့တွက်ချေမကိုက် ။ခုနှစ်တော့စျေးကောင်းတယ်ဟဆိုပြီး ပျော်နေတုန်းမှာ ခုလိုရေနစ်တော့ လယ်ဆိုတဲ့အသံတောင်မကြားချင်လောက်အောင် စိတ်ကုန်မိတယ်။အကြွေးတွေတင်ပြီလေ။ ပြန်စိုက်ဖို့ကူညီမယ်ဆိုတော့လည်း မျိုးစပါး၊ မြေဩဇာ အခမဲ့လား။ အခမဲ့ဆိုရင်လည်း သူတို့စမယ့်အချိန်နဲ့ဆို စိုက်ချိန်နောက်ကျရင် ဘာမှမထူးဘူး။တခြားသီးနှံစိုက်ရင်ရော မြေကဖြစ်ထွန်းမှာလား ရှိသေးတယ်။ ” လို့ တောင်သူတယောက်က ပြောပါတယ် ။
မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် MRF နဲ့ တိုင်းဒေသကြီးအစိုးရဖွဲ့တာဝန်ရှိသူတွေကတော့ ရေပြန်ကျတာနဲ့ ရေနစ်မြုပ် စပါးစိုက်ခင်းတွေထဲက ပျက်စီးမှုနည်းတဲ့အခင်းကို ဓာတ်မြေဩဇာ အထောက်အပံ့ပေးမှာဖြစ်သလို ပျက်စီးသွားတဲ့အခင်းကိုတော့ တခြားအစားထိုး သီးနှံ စိုက်ပျိုးနိုင်ဖို့ကူညီသွားမယ်လို့ ဆိုထားပါတယ်။
” စပါးစိုက်ခင်း လုံးလုံးပျက်စီးသွားတဲ့အခင်းတွေကို ပဲပုပ် နဲ့ တခြားသီးနှံ စတာတွေ စိုက်မယ်သိရတယ်။ ” လို့ MRF အဖွဲ့ဝင်တယောက်က ပြောပါတယ် ။
စစ်ကိုင်းတိုင်းထဲက ရွှေဘို ၊ဝက်လက် ၊ ကန့်ဘလူ ၊ ခင်ဦး ၊ရေဦး ၊ ဒီပဲယင်း ၊ တန့်ဆည် စတဲ့ မြို့နယ် ၁၀ ကျော်က ကျေးရွာပေါင်း ၂၀၀ လောက်မှာ ရေကြီးနေပြီး စပါးစိုက်ဧက သိန်းဂဏန်းလောက်အထိ ရေနစ်မြုပ်မှုရှိနေပါတယ်။
ရေနစ်မြုပ်တဲ့ စပါးစိုက်ခင်းတွေက အစိုးရထိန်းချုပ်နယ်မြေတွင်းရှိသလို PDF စိုးမိုးနယ်မြေတွေထဲမှာလည်း ရှိကြောင်း ၊ အညာဒေသမှာ ဩဂုတ် ၆ ရက်နေ့ညပိုင်းလောက်ကတည်းကစပြီး ရေကြီးနေတာ ဒီနေ့အထိဖြစ်တယ်လို့ သိရပါတယ်။
“အညာရေဘေး အခြေအနေဆိုးပါတယ်။ စစ်ရှောင်ရတာတမျိူး ရေဘေးကတမျိူးဖြစ်နေတယ်။ ဒီကြားထဲ လယ်ယာခင်းတွေက ရေနစ် တော့ ပိုဆိုးသွားတယ်။ အညာဘက်က အကူအညီတွေလည်း အရောက်ပေါက်နည်းတယ်။ စပါးခင်းတွေဆိုရင်အခုဆို ရေနစ်တာ ၁၀ ရက်ရှိပြီ ။စပါးခင်းတွေ ၊ ပဲ ၊ ငရုတ် အကုန်ပေါ် မကောင်းတော့ဘူး။ စပါးခင်းတွေရေမြုပ်ပျက်စီးကုန်တဲ့အတွက် အညာဘက်မှာ ရှေ့လျှောက် ဆန်လိုအပ်ချက်က ပိုများသွားနိုင်ပါတယ်။ တောင်သူတွေလည်း မရှိတဲ့ကြား အခက်အခဲတွေကြားကနေစိုက်ရတာ အကုန်ပျက်စီးသွားတော့ စိတ်ဓာတ်တွေ ကျနေကြတယ်။ ” လို့ စစ်ကိုင်းတိုင်းအတွင်း ရေဘေးကူညီနေသူ တယောက်က ပြောပါတယ် ။
ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ စျေးကွက်ဝင် ပေါ်ဆန်းအမျိုးစား ၊ ဆင်းသုခ၊ မနောသုခ၊ GW-11၊ ရွှေသွယ်လေး၊ မှော်ဘီ ၃၊ ရက် ၉၀၊ ရွှေဧရာ၊ ပခမ်း ၊ ဧရာပဒေသာ စတဲ့ အထွက်နူန်းကောင်း တဲ့ စပါးမျိုးတွေကို စိုက်ပျိုးကြ ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ စျေးတန်းအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း အပါအဝင် ဧရာမင်း ၊ မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုး ၊ ဒေသစပါးမျိုး အပါအဝင် စတဲ့စပါးတွေကို အများဆုံးစိုက်ပျိုးကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မြေပဲ ၊နှမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊နေကြာ ၊ မတ်ပဲ ၊ပဲစဥ်းငုံ ၊ ပဲတီစိမ်း ၊ ကုလားပဲ ၊ ပဲပုတ် ၊ပဲယင်း ၊ ငရုတ် စတဲ့ သီးနှံတွေလည်း စိုက်ပျိုးမှုရှိပြီး အဲဒီသီးနှံစိုက်ခင်းတွေလည်း ရေနစ်မြုပ်မှု ရှိနေတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
