အောက်တိုဘာ ၂၊ ၂၀၂၃
Shy V (VOM)
တခါသုံး နယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်ကနေ တရုတ်ဘက်ခြမ်း နယ်စပ်မှာ အလုပ်သွားလုပ်တာ အဆင်မပြေလို့ တချို့ ပြန်ထွက်လာရကြောင်း မြန်မာ လုပ်သားတွေဆီက သိရပါတယ်။
“အလုပ်တော့ လုပ်လို့ရတယ်။ စက်ရုံတွေမှာ။ ဒါပေမယ့် ၇ ရက် တခါ ပြန်ထွက်ပြီး ပြန်ဝင်ဖို့ အဆင် မပြေဘူး။” လို့ နားကြပ်ထုတ်တဲ့ စက်ရုံတခုမှာ အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
နေထိုင်စရာနဲ့ ပေးထားပေမယ့် အလုပ်ဝင်တာနဲ့ ရက်ပေါင်ကြေး အရင်ပေးခဲ့ရလို့၊ လေးငါးရက် အလုပ် အလကား လုပ်ပေးခဲ့ သလို ဖြစ်သွားတယ်လို့၊ မြန်မာဖက်ခြမ်းကို ပြန်ထွက်လာတဲ့၊ သူက ပြောပါတယ်။
“စက်ရုံက ဒီနေ့ ၇ ရက်ပြည့်တော့ ကဒ်ပြန်လဲခိုင်းတာ။ ဒီနေ့ ဝင်လာလို့ ရရင်တော့ အလုပ်လက်ခံမယ် ပြောတယ်။ ဒီနေ့ ပြန်ဝင်လာနိုင်ဖို့ မသေချာလို့ အထုပ်တွေပါ ပြန်ယူခဲ့တာ။ အလာတုန်းက အတိုးနဲ့ ၁၇ သိန်းချေးလာတာ။” လို့ သူက ရှင်းပြပါတယ်။
ကဒ်တွေရဖို့စောင့်ဆိုင်းနေတဲ့ လူအများအပြား ရှိနေတဲ့ အပြင် တုံကင် ပြန်စောင့်ရတာ အချိန်ကြာတော့ ချက်ချင်း ပြန်ဝင်နိုင်ဖို့ မဖြစ်နိုင်ဘူး လို့ဆိုပါတယ်။
“ကျနော် ရင်ကျန်းရောက်နေတယ်။ တခါသုံးကဒ်နဲ့ အဆင်မပြေဘူး။ ၄ ရက်နေ့ ပြန်ထွက်လာရမှာ။” လို့ တရုတ်ပြည်ကြီးထဲ ၆ နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ ဖူးတဲ့ ရန်ကုန်က အမျိုးသား ၁ ဦးက ပြောပါတယ်။
မြန်မာဘက်ပြန်ထွက်ပြီး နိုင်ငံကူးလက်မှတ် လုပ်ဖို့ စုံစမ်းထားပေမယ့် အဲဒီဟာလည်း တုံကင်ယူရတဲ့ အပြင် နောက်နှစ်မှ အလှည့်ရတော့မယ်လို့ သိရတာကြောင့် အဆင်မပြေဘူးလို့ သူက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ နဲ့လည်း အလုပ်လုပ်ခွင့် မရဘူး ဆိုပေမယ့် အလုပ်ရှင်တွေ အနေနဲ့ ထောက်ခံပေးရင် အဆင်ပြေတာကြောင့် သက်ဆိုင်ရာဌာနက နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ထုတ်ပေးစေချင်တယ် လို့ သူက ပြောပါတယ်။
ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁ ဦး ကတော့ တရုတ်ဘက်က အလုပ်သမားတွေ ရသင့် သလောက်ရနေပြီ ဖြစ်တာကြောင့် တခါသုံးကဒ်တွေနဲ့ ဝင်လာသူတွေကို အလုပ် မပေးချင်ကြတဲ့ အပြင် တရုတ်ဘက်က တခါသုံးကဒ်နဲ့ လက်ခံထားတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီး ဒဏ်ရိုက်မယ်ဆိုတာ ကြားလို့ တရုတ် အလုပ်ရှင်တွေလည်း လက်မခံရဲကြတာ လို့ ပြောပါတယ်။
နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီကို သက်ဆိုင်ရာဌာနက မူဆယ် ခရိုင် အိမ်ထောင်စု ရှိသူတွေကိုသာ တရားဝင်ထုတ်ပေးနေတယ် ဆိုပေမယ့် ငွေကြေး ပေးပြီး လုပ်ယူနေကြပြီး အဲဒီ ၁ နှစ်ခံ စာအုပ် ၁ အုပ် ကို ၁၈ သိန်း ကနေ ၄၆ သိန်း အထိ ဈေးပေါက်နေတယ်လို့ ငွေပေးပြီး လုပ်ခဲ့ရသူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
“တခါသုံး ကဒ်နဲ့လည်း မထွက်တဲ့ လူတွေ အများကြီးရှိနေတယ်။ တရုတ်ဘက်က မဖမ်းသေးလို့သာ” လို့ ရွှေလီမှာ နေထိုင်သူ ၁ ဦးက ပြောပါတယ်။
တချို့ကလည်း တရုတ်ဘက် ရောက်ပြီး အလုပ်မရလို့ အခက်အခဲ ဖြစ်နေတာလည်း တွေ့နေရပြီး လုပ်ခလစာ ထက်ဝက်ကျော်အထိ ထိုးကျနေကာ လူကုန်ကူး ခံရမှုလည်း များလာနိုင်ဖွယ်ရှိနေတယ်လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံရပါက ငွေဒဏ် အပြင် ပြည်နှင်ဒဏ် ခံရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
တခါသုံးကဒ်နဲ့ လုံးဝ အလုပ်လုပ်ခွင့် ပေးမထားသလို တရုတ်ဘက်ကလည်း တခါသုံးကဒ်နဲ့ ဝင်လာသူတွေ လိုက်နာရမယ့် စည်းကမ်း၊ ဥပဒေ၊ သတ်မှတ်ချက်တွေ အကြိမ်ကြိမ်ထုတ်ပြန် ထားပြီး ချိုးဖောက်ပါက အရေးယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်စာ တွေမှာ ပါပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် ရှားပါးမှု ပြဿနာကြောင့် မြန်မာလုပ်သားတွေ တခါသုံးကဒ်နဲ့ တရုတ်ဘက် အလုပ်လုပ်ရဖို့ မျှော်လင့်ချက်နဲ့ ဝင်ရောက်နေသူတွေ သောင်းချီ ရှိနေပြီဖြစ်ပြီး မူဆယ်မှာ သောင်တင် စောင့်ဆိုင်းနေတဲ့ သူတွေလည်း ထောင်ချီ၊ သောင်းချီ ရှိနေပါတယ်။
Photo: Shy V
Telegram Link: https://t.me/VOMNEWS2023/2715