အောက်တိုဘာ ၃ – ၂၀၂၃
SN (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် (၄) လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်စက်ရုံ ( HONG MIAO Garment Co.,Ltd.) ပိတ်သိမ်းမှုကြောင့် လုပ်ခလစာရရှိဖို့အတွက် အလုပ်သမား ၃၀၀ ဝန်းကျင် စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ စက်တင်ဘာ လုပ်ခလစာရဖို့နဲ့ စက်ရုံပိတ်သိမ်းနစ်နာကြေး ရရှိဖို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ ပြေလည်မှုမရရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“သူတို့က ၂၆ ရက်နေ့မှာ စက်ရုံကို notice ကပ်လိုက်တယ်။ ၂၉ ရက်နေ့ကျမှ စက်ရုံက ပိတ်သွားပြီဆိုပြီးပြောတာ။ အဲ့ကြားထဲမှာ ကျွန်တော်တို့က အလုပ် လုပ်နေတုန်းပဲ။ အထည်တွေလည်းရှိတယ်၊ ချုပ်နေတုန်း တန်းလန်းကြီး။ ၂၆ ရက်နေ့မှာ သဋ္ဌေးက အစည်းအဝေးခေါ်တယ်၊ အထည်ပြတ်လပ်တဲ့ပုံစံမျိုးပြောပြီး စက်ရုံကို notice ကပ်လိုက်ပြီလို့ ပြောတယ်။ ဒါပေမယ့် ၂၉ ရက်နေ့ ညနေအထိ အလုပ်တွေက လုပ်နေရတုန်း။ တနေကုန် အလုပ် လုပ်နေရပြီးမှ အလုပ်ဆင်းခါနီး ညနေ ၄ နာရီ၊ ၂၅ မိနစ်မှာမှ ကျွန်တော်တို့ကိုခေါ်ပြောတယ်။ နောက်နေ့ကစပြီး စက်ရုံကို လာစရာမလိုတော့ဘူး၊ ပိတ်လိုက်ပြီတဲ့။ ၄ နာရီခွဲဆို အလုပ်ဆင်းရတော့မယ်။ အကုန်လုံး ပြန်ခါနီး လုပ်နေတဲ့အချိန်ကျမှ ခေါ်ပြောတာ။ ပိတ်မယ်လို့လည်း ကြိုမပြောဘူး။ သူတို့ဘာသာသူတို့ ချက်ချင်းကြီး ပိတ်ချပစ်လိုက်တာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံဘက်က စက်တင်ဘာလရဲ့လုပ်ခလစာကို အောက်တိုဘာ ၅ ရက်နေ့မှာ တကြိမ်၊ နစ်နာကြေးအတွက် ၂၆ ရက်နေ့မှာတကြိမ် ထုတ်ပေးမယ့်အကြောင်း ကြေညာကာ စက်ရုံပိတ်လိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ အောက်တိုဘာ ၂ ရက်နေ့မှာပဲ လုပ်ခလစာရလိုတဲ့အတွက် စက်ရုံတွင်း ရောက်ရှိနေခဲ့ကြတာဖြစ်ပေမယ့် စက်ရုံဘက်က ဖြေရှင်းမှုမရှိဘဲ အောက်တိုဘာ ၃ ရက်မနက်မှာတော့ စက်ရုံတွင်းပစ္စည်းတွေကို သယ်ယူနေကြတယ်လို့ သိရပါတယ်။
“လကုန်ပြီး ကြားထဲမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်နှစ်ရက် ခံသွားတာကြောင့် အောက်တိုဘာ ၂ ရက်နေ့၊ တနင်္လာနေ့ကျမှပဲ ကျွန်တော်တို့တွေ စက်ရုံကို လာရောက်ရတာဖြစ်ပါတယ်။ ခုထိ ညှိနှိုင်းလို့ အဆင်မပြေသေးပါဘူး။ သဋ္ဌေးဘက်က ဘယ်လိုပြောလဲဆိုတော့ ၁ နှစ်ပြည့်ပြီးသားလူတွေကို လစာပေးမယ်။ ၆ လသမားတွေကို လဝက်စာပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် စက်ရုံမှာကျတော့ လူဦးရေက ခန့်မှန်းချေအရဆိုရင် ၃၈၀ လောက်ရှိတယ်။ အဲ့ဒီ့ထဲမှာ လူဦးရေ ၂၀ ကျော် ၃၀ နီးပါးလောက်ပဲ ၁ နှစ်ပြည့်တဲ့လူတွေ။ ၆ လပြည့်ပြီးတဲ့သူကျတော့လည်း အများဆုံးရှိမှ ၅၀ ကျော် ၆၀ နီးပါးလောက်ပဲရှိတာ။ ကျန်တဲ့ အများစုက ၆ လ မပြည့်တဲ့သူတွေချည်းပဲ။ အဲ့လူတွေအတွက်ကျတော့ ဘာနစ်နာကြေးမှလည်း မရဘူး။ အဲ့လိုပုံစံမျိုးကြီးဖြစ်သွားတာ။ အဲ့ဒါကို သဋ္ဌေးနဲ့ညှိနှိုင်းပေမယ့် သူက ဥပဒေအတိုင်းသွားတာလို့ပဲ ပြောနေတာ။ အောက်တိုဘာ ၂ ရက်နေ့မှာ ညနေ ၃ နာရီထိုးအထိ စောင့်ပေးပါ၊ ခိုင်လုံတဲ့အဖြေပေးမယ်လို့ ပြောတော့ အလုပ်သမားတွေအကုန်စုပြီး စောင့်လိုက်တယ်။ ဒါပေမယ့် အဲ့အချိန် သဋ္ဌေးလည်းမလာဘူး၊ HR (Human Resource) လည်း မလာဘူး၊ ဘာဆိုဘာမှ မလာဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဆက်ပြီးတော့စောင့်တယ်။ ညဘက်အိပ်ရတဲ့အထိ ဖြစ်သွားတယ်။ အိပ်ရတယ်ဆိုတာလည်း စက်ရုံအတွင်းထဲမှာ မဟုတ်ဘူး၊ အပြင်မှာအိပ်ရတာ” လို့ သူက ပြောပါတယ်။
အဲ့ဒီ့လို ညအိပ်စောင့်ဆိုင်းလိုက်ရပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားရုံးက ဖြေရှင်းပေးမှုတွေမရှိတဲ့အပြင် အလုပ်ရှင်ခေါ်ယူထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တာ၀န်ရှိသူတွေ အယောက်၂၀ ခန့် ရောက်ရှိလာတာကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့ညကလည်း စက်ရုံမှာ ညအိပ်စောင့်ခဲ့တဲ့အလုပ်သမားတွေထဲက ၂ ဦးကို အထည်ခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၃၈၁ နဲ့ HR မန်နေဂျာက လှော်ကားရဲစခန်းမှာ အမှုဖွင့်ခဲ့သေးတယ်လို့ သိရပါတယ်။
“အလုပ်သမားနှစ်ယောက် တရားစွဲခံရတဲ့အကြောင်းရင်းက ဒီကောင်မလေးနှစ်ယောက်က သူတို့ နစ်နာကြေးမရဘူးအထင်နဲ့ အထည်တွေကို သွားဖွက်ထားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားတာ။ သူတို့ အဲ့လိုသွားတာကို တရုတ်စက်ရုံမှူးက မြင်လိုက်တာ။ မြင်လို့ သွားပြီးလည်း စစ်လိုက်ရော အထည်တွေဖွက်ထားတာ တွေ့တာနဲ့ မနေ့က (အောက်တိုဘာ ၂ ရက်နေ့) ညမှာပဲ သူတို့နှစ်ယောက်ကို အမှုတခါတည်း တန်းဖွင့်လိုက်တာ။ ပြီးလည်းပြီးရော သူတို့က ဘယ်လိုပြောလဲဆိုတော့ ဒီကောင်မလေးနှစ်ယောက် ဒီလိုလုပ်တာ သူတို့ချည်းပဲ မဖြစ်နိုင်ဘူး၊ တခြားလူတွေလည်း ပါနိုင်တယ်လို့ သူတို့ထင်တယ်။ ဒါပေမယ့်သူတို့က လူအများကြီးလည်း မလိုချင်ဘူး၊ ခေါင်းဆောင်ပိုင်းကနှစ်ယောက်ပဲ လိုချင်တယ်၊ အဲ့တော့ ခေါင်းဆောင်ပိုင်းက လူနှစ်ယောက်ပေးမယ်ဆိုရင် ဒီကောင်မလေးနှစ်ယောက်ကို ပြန်လွှတ်ပေးမယ်။ ပြီးတော့ နောက်တချက် ထပ်ဆင့်ကဲ တောင်းဆိုတာက ဒီစက်ရုံမှာ ညအိပ်နေတဲ့သူတွေအကုန်လုံး ပြန်သွားပေးရင်လည်း ဒီကောင်မလေးနှစ်ယောက်ကို ပြန်ပြီး လွှတ်ပေးမယ်ဆိုပြီး အဲ့လို ယုတ္တိမရှိတဲ့ တောင်းဆိုချက်တွေနဲ့ ကျွန်တော်တို့ကို လူစု မကွဲ ကွဲအောင်လုပ်နေတာ။ ဒါပေမယ့် အလုပ်သမားတွေအကုန်လုံးက ညီညွတ်တယ်၊ ဘယ်သူမှလည်း မပြန်ဘူး၊ သူတို့ခေါ်တဲ့ဆီကိုလည်း မသွားကြဘူး။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနဲ့ ကျွန်တော်တို့လိုချင်တဲ့အရာကို တောင်းဆိုနေတာပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားတွေဘက်က လုပ်သက် ၆ လမပြည့်သေးတဲ့သူတွေအတွက် အကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေအတွက် အကျိုးခံစားခွင့်၊ လစာကို သတ်မှတ်ချက်အတိုင်း စက်ရုံပိတ်ပြီး ၂ ရက်အတွင်း ထုတ်ပေးဖို့နဲ့ Super နဲ့ Leader တွေကို ပုဒ်ဖြတ်ကြေးအတိုင်းပေးဖို့ စတဲ့ အချက် (၄) ချက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
Photo: စက်ရုံအလုပ်သမားတဦး