တိုက်ပွဲရှောင်တချို့ ဝမ်းရေးခက်ခဲလာလို့ ဆံပင်ဖြတ်ရောင်းနေရသူတွေရှိလာ

အောက်တိုဘာ ၊ ၇ ၊ ၂၀၂၃
SP ( VOM)
နိုင်ငံအဝှမ်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ တိုက်ပွဲရှောင် ဦးရေ ၆ သိန်းကျော်ရှိတဲ့အနက် အဲ့ဒီထဲက တဝက်ကျော်ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းက ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
နယ်မြေရှင်းလင်းရေး စစ်ကြောင်း အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကျေးလက်ဒေသတွေမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံတွေအဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပါတယ်။
တိုက်ပွဲရှောင်ရတဲ့ ရက်တွေ ကြာမြင့်လာတဲ့အမျှ အလုပ်က မလုပ်ရ စုဆောင်းထားတာကကုန်ဖြစ်ပြီး စားဝတ်နေရေးတွေ ခက်ခဲလာတယ်လို့လည်း သိရပါတယ်။
” တိုက်ပွဲတွေကြောင့် ရွာမှာက လယ်မလုပ်ရတာ ၂ နှစ်ကျော်ရှိပြီ ၊ ယာခင်းတောက ထွက်တဲ့ အသီးအနှံတွေလည်း မစားရတာလ ကြာပြီ ၊ တိုက်ပွဲရှောင် ပြေးလွှားနေရတယ် ၊ အဲ့ဒီလို ပြေးလွှာရင်း ကျွန်မရဲ့ ယောင်္ကျားက သေနတ်မှန်လို့ သေတယ် ၊ သားဖြစ်သူက အဖမ်းခံရတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ဖမ်းခံရတာ အခုထိ အဆက်သွယ်မရသေးဘူး ၊ သေသလား ၊ ရှင်သလား မသိရဘူး ၊ တိုက်ပွဲရှောင်နေရတဲ့ ကာအတွင်း ၊ ဘာအလုပ်ကိုင်မှ မရှိတော့ ဝင်ငွေဆိုတာ တပြားတချပ်မှ မရှိဘူး ၊ ဒီကြားထဲ ကုန်စျေးနူန်းတွေက အဆမတန်ကြီးလာတော့ ၊ စားစရာမရှိတာကြောင့် ဆံပင်တွေဖြတ်ရောင်းနေရတယ် ” လို့ ရေဦးမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ တိုက်ပွဲရှောင် ဒေသခံ တယောက်က ပြောပါတယ်။
မူဆယ်မြို့ကနေ ဆင်းလာတဲ့ ဆံပင် အဝယ်ဒိုင် လုပ်ငန်းရှင် တယောက်က ” စစ်ကိုင်း ၊ မကွေးဘက်က တိုက်ပွဲရှောင်တွေက ဆံပင်တွေရောင်းဖို့ရှိတယ်လို့ ပြောပြီး လှမ်းခေါ်တာကြောင့် ဆင်းလာခဲ့ရတယ် ၊ဆံပင်ကောင်းတယ်ဆိုရင် ကောင်းသလို စျေးပေးဝယ်တယ် ၊ သာမန် ဆံပင်ကျွတ်ဆိုရင် တပိသာကို ရှစ်သိန်း ၊ ကိုးသိန်းပေးတယ် ၊ ဆံပင်အရှည် ၁၂ လက်မအထက်ကျော်ရင် တပိသာကို ၁၀ အထက်ပေးတယ် ၊ ပစ္စည်းများရင် များသလို စျေးကောင်းပေးပြီးဝယ်ယူတာမို့ တိုက်ပွဲရှောင်သူတွေက လူစုဖြတ်ပြီး ရောင်းကြတယ် ” လို့ ပြောပါတယ်။
မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ တောင်ပိုင်းကြားမှာ ခိုလှုံနေရတဲ့ တိုက်ပွဲရှောင် နေရသူတွေ ပြောတာက
” ဒီဘက်မှာက စားဆီ တပိသာကို ၁၄၀၀၀ ကျပ် ၊ ဆန် တအိတ်ကို ၁ သိန်းခွဲ ၊ ကြက်ဥတလုံးကို ၅၀၀ ဆိုတော့ မစားနိုင်ကြဘူး ၊ အဲ့ဒါကြောင့် စားဖို့ပဲ ဝင်ငွေရရဆိုပြီး ဆံပင်တွေ ဖြတ်ရောင်းကြတယ် ၊ ရောင်းတဲ့သူ များတယ်”
လို့ ေပြာပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေမှာ နေ့စဥ် ဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်တာကြောင့် ဒေသခံ အများစုဟာ အိမ်ဝန်းခြံမြေတွေအပြင် လယ်ယာ လုပ်ငန်းခွင်တွေကို စွန့်ပစ်ထားရပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လူသားချင်း စာနာ ကူညီထောက်ပံ့ရေးအဖွဲ့ အဆိုအရ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ်တွေဘက်မှာ ရက်ရှည် တိုက်ပွဲရှောင် ဦးရေ ၂ သိန်းကျော်ရှိတဲ့အနက်က ထောင်ဂဏန်းမျှသာ နေရပ်ပြန်နိုင်သေးတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ရှမ်းပြည် မြောက်ပိုင်း နဲ့ ကရင်ပြည်နယ်တွေဘက်မှာလည်း ရက်ရှည် တိုက်ပွဲရှောင် ဦးရေ ၄ သိန်း နီးပါးရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ကျော်ဇင်လင်း

Related posts

Leave a Comment

VOM News

FREE
VIEW