ပဲခူးရေဘေး လူနှစ်သောင်းနီးပါးကို ကယ်ဆယ်ရေးစခန်း (၄၁)သို့ ရွှေ့ပြောင်းပေးထားရ ၊ ပဲခူးတမြို့လုံးအပြင် ကျေးရွာ (၈) ရွာ ရေဘေးသင့်

အောက်တိုဘာ ၁၀ – ၂၀၂၃
SP + GG + SN (VOM)
လက်ရှိ ပဲခူးရေကြီးမှုအတွင်း လူသေဆုံးမှုရှိသလို စပါးစိုက်ခင်းတွေ၊ သီးနှံတွေသိုလှောင်ထားတဲ့ ပွဲရုံတွေ၊ ဆန်ပွဲရုံတွေထဲမှာလည်း ရေဝင်ရောက်နေတာကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
ပဲခူးမြို့ရေကြီးမှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့ရပြီး သေဆုံးရုပ်အလောင်းကို မနေ့က အောက်တိုဘာလ ၉ ရက်နေ့မှာ ရေစီးနဲ့အတူ မျောပါလာစဥ် တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“မနေ့က အလောင်းမျောလာလို့ သွားကြည့်တယ်၊ အမျိုးသားပါ။ လောလောဆယ်သိရသလောက် သူက အိမ်ခြေမဲ့ပါ။ ခုထိတော့ သေတာ သူတယောက်ပဲ ရှိသေးတယ်။ ကျန်တဲ့ထိခိုက်မှုကတော့ ကားတွေ ရေဝင်နေတာ၊ အိမ်ထဲရေဝင်နေလို့ သိုလှောင်ထားတဲ့ပစ္စည်းတွေ၊ ကုန်စုံဆိုင်တွေရှိမယ်၊ စျေးပွဲရုံတွေရှိမယ်၊ ပစ္စည်းတွေ အချိန်မီ ရွှေ့ခွင့်မရလိုက်တဲ့ဟာတွေအကုန် ရေနစ်တာပေါ့။ စားသောက်ကုန်တွေကတော့ ပျက်စီးကုန်ပြီ” လို့ မြေပြင် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။
ဒါ့အပြင် စပါးစိုက်ခင်းတွေထဲ ရေဝင်ရောက်မှုကြောင့် စိုက်ခင်း‌ဧက ရာနဲ့ချီ ပျက်စီးခဲ့ပြီး ဒါနဲ့ပတ်သက်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနက စာရင်းပြုစုလျက်ရှိတယ်လို့ သိရပါတယ်။
“စပါးစိုက်ခင်းတွေထဲ ရေဝင်တာကတော့ ဧက ထောင်ချီပြီး ရေဝင်သွားတယ်။ အဲ့ဒါကြောင့် စိုက်ခင်းဧက ၇၀၀/၈၀၀ လောက်ကတော့ ပျက်စီးမှာပဲ။ ဘာလို့လဲဆိုတော့ နို့ရည်မထည့်သေးဘူးဆို ကိစ္စမရှိဘူး။ သူက ရေကျသွားပြီး နေလေးပူလာတဲ့အခါ ဆေးပက်လိုက်ရင် ပြန်ထောင်သွားမှာလေ။ နို့ရည်ဆိုတာ အပင်ကနေ သူ့ဘာသာသူဖြစ်လာတာ။ စပါးနှံလေးတွေ ထွက်လာရင် တဖြည်းဖြည်းနဲ့ အဲ့ထဲကို နို့ရည်လေးတွေ ဝင်လာတာ။ အဲ့ဒီ့လို နို့ရည်ဝင်လာရင် စပါးကအောင်ပြီး မာလာပြီး ထောင်လာတာပေါ့။ အခုကတော့ ရေဝင်သွားပြီဆိုတော့ နို့ရည်ထည့်ထားတာက လဲသွားပြီး ပုပ်သွားတာပေါ့။ ဘာမှလုပ်မရတော့ဘူး။ ဆုံးရှုံးမှုပမာဏကတော့ စိုက်ပျိုးရေးက စာရင်းကောက်နေတယ်။ သူက ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ အကုန်ပြီးမှပဲ သိလို့ရတာ။ ရေဝင်တာနဲ့ ဆုံးရှုံးတယ်လို့တော့ ပြောလို့မရဘူး” လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးဌာနရုံးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လက်ရှိမှာ ပဲခူးတမြို့လုံးနီးပါးအပြင် ပဲခူးမြို့တဝိုက်ရှိ ကျေးရွာပေါင်း (၈) ရွာမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တာကြောင့် အိမ်ထောင်စု (၄၅၄၇) စုမှ လူဦးရေပေါင်း (၂၀၀၀၀) နီးပါးကို ကယ်ဆယ်ရေးစခန်း (၄၁) ခုကို ပြောင်းရွှေ့ပို့ဆောင်ပေးထားတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
“ရေက ရေရှင်၊ စီးနေတာဆိုတော့ သိပ်တော့ မကြောက်ရပေမယ့် စီးနေတဲ့ရေထဲသွားရတာဆိုတော့ ခရီးမတွင်ဘူး။ လူတိုင်းလိုလို ခြေထောက်ကြွက်တက်ကြတယ်။ ရေကတော့ သိသိသာသာ ပြန်မကျသေးဘူး။ အခုထိ ကြီးနေတုန်းပဲ။ မနေ့က ‌မိုးမရွာလို့ တော်သေးတယ်ပြောရမယ်။ ဒီနေ့လည်း မရွာပါစေနဲ့ ဆုတောင်းရမှာပဲ။ မိုးထပ်ရွာရင်တော့ မလွယ်ဘူး” လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ အောက်တိုဘာလ ၁ဝ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ပဲခူးမြစ်ရေဟာ အနည်းငယ်ကျဆင်းခဲ့ပေမယ့် ၁၀၀၁ စင်တီမီတာတွင် ဆက်လက် ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိမှာ နေအိမ်ပိတ်မိလို့ ရွှေ့ပြောင်းပေးဖို့ ဆက်သွယ်လာသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက် လုပ်ဆောင်ပေးနေပြီး ပဲခူးက လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအပြင် ရန်ကုန်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေး စတဲ့ နေရာအချို့က လူမှုကူညီရေးအသင်းတွေပါ ရောက်ရှိပြီး ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ပဲခူးရေကြီးမှုကြောင့် ရန်ကုန် မန္တလေး ရထားခရီးစဥ်၊ မော်လမြိုင်ရထားခရီးစဥ်တွေကို ရပ်နားထားသလို ပဲခူးမြို့က စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။
လျှပ်စစ်မီးကိုတော့ ရေဝင်ရောက်နစ်မြုပ်နေတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို ဖြတ်တောက်ထားပြီး ရေဝင်ရောက်မှုမရှိတဲ့ နေရာတွေကိုတော့ မီးပေးထားကာ ဖုန်းလိုင်းတွေအနေနဲ့ကတော့ မိုင်တဲနဲ့ အော်ရီဒူးကိုသာ ဆက်သွယ်လို့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇလပ်ထော် ရေလှောင်‌တမံရှိ Spill Way ရေကျော်ပြီး ပေ (၅၀) ခန့် ပျက်ဆီးခဲ့တာကြောင့် ဆည်ရေကို အရှိန်လျှော့ချနိုင်ဖို့အတွက် ဇလပ်ထော်ချောင်းအတွင်းကို ရေဖောက်ထုတ်သွားမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ကြေညာထားပါတယ်။
ဒါ့ကြောင့် တမံအောက်ကျေးရွာတွေဖြစ်တဲ့ သာယာအေးကျေးရွာ၊ လက်ပံဝင်းကျေးရွာ၊ ဘူးလယ်အင်းကျေးရွာ၊ လသာကုန်းကျေးရွာတွေအတွင်း ဆည်ရေတွေ ဝင်ရောက်နိုင်တဲ့အတွက် အနိမ့်ပိုင်းနေသူ တွေအနေနဲ့ သတိပြုကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ စံချိန်တင် မြစ်ရေမြင့်တက်မှုတွေကြောင့် ပဲခူးမြို့မှာ အောက်တိုဘာ ၇ ရက်မှစတင်ကာ ဒီနေ့ အောက်တိုဘာ ၁၀ ရက်အထိ ရေကြီးရေလျှံမှုတွေဆက်လက် ဖြစ်ပေါ်လျက်ရှိပါတယ်။
Photo Crd – Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW