နှစ်စဥ်ကြေးမသွင်းတဲ့ အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်း

အောက်တိုဘာ ၁၁ – ၂၀၂၃
SN (VOM)
နှစ်စဥ်ကြေးမသွင်းတဲ့ အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ကြေညာလိုက်ပါတယ်။
MGMA အသင်းဝင် အသင်းသားဦးရေ ၈၁၉ ဦးရှိတာမှာ အသင်းသား ၂၅၄ ဦးက ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေးပေးသွင်းဖို့ ပျက်ကွက်ခဲ့တာ‌ကြောင့် အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ့ အသင်းသားတွေ အသင်း၀င်ကြေးပေးသွင်းဖို့ MGMA အနေနဲ့ အကြောင်းကြားစာ အကြိမ်ကြိမ် ပေးပို့ခဲ့ပေမယ့် ဆက်သွယ်ဆောင်ရွက်တာမျိုး မရှိတဲ့အတွက် အခုလို အသင်းသားအဖြစ်က ရပ်စဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ နှစ်စဉ်ကြေး မပေးသွင်းတာကလည်း လက်ရှိမှာ အထည်ချုပ်လုပ်ငန်းတွေက လုပ်ငန်းကိုင်ငန်း သိပ်မကောင်းတဲ့ အနေအထားပေါ့။ တော်တော်များများက လုပ်ငန်း ဆက်ပြီးလည်ပတ်နိုင်ဖို့ မနည်းရုန်းနေရတဲ့ အခြေအနေမျိုးပါ။ အထည်ချုပ်စက်ရုံအများစုက CMP (လက်ခစား) စနစ်ဖြစ်တဲ့အတွက် ဒါက ကမ္ဘာ့စီးပွားရေးနဲ့လည်း သက်ဆိုင်နေတယ်။ ဒီကဏ္ဍမှာ အဓိကဝယ်လက်ကြီးတွေလည်း ထွက်ခွာသွားတာကြောင့် အော်ဒါအရ နည်းလာတာလည်း ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခါစမှာ ဥရောပအော်ဒါ အတော်များများက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုအပေါ်မှာ စိုးရိမ်ကြောင့်ကြပြီး တခြားနိုင်ငံတွေကို ချက်ချင်း အော်ဒါရွှေ့သွားတယ်။ အဲ့ဒါကြောင့် တဖြည်းဖြည်းနဲ့ လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာကြတာပေါ့။ အဲ့ဒီတော့ လုပ်ငန်းမကောင်းလို့ ပိတ်သိမ်းသွားတဲ့ စက်ရုံတွေလည်း ရှိတယ်။ အခု နှစ်စဉ်ကြေးမသွင်းလို့ အသင်းဝင်အဖြစ်ကနေ ရပ်ဆိုင်းတယ်ဆိုတာကလည်း လုပ်ငန်း ရပ်နားလိုက်ရတဲ့ အခြေအနေမျိုးပါ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
MGMA အနေနဲ့ နှစ်စဉ် အသင်းဝင်ကြေးပေးသွင်းဖို့ ပျက်ကွက်တဲ့ လုပ်ငန်းရှင်တွေကို အောက်တိုဘာ ၉ ရက်နေ့မှစတင်ကာ အသင်းဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ပြန်လည်အသင်းဝင်လိုရင်တော့ အသင်းမှာ ကြွေးကျန်ရှိတာတွေကိုပေးသွင်းကာ အသင်းသားသစ်အဖြစ် မှတ်ပုံတင်ရမယ်လို့ အသိပေးထားပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ အပ်ထည်အမှာတွေဟာ မြန်မာနိုင်ငံကနေ ဗီယက်နမ်လို နိုင်ငံကို အဓိက ပြောင်းရွှေ့သွားတာဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့နောက် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေကိုလည်း ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်းဥရောပကုမ္ပဏီဖြစ်တဲ့ H&M လို ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်ကုမ္ပဏီကြီးတခုလည်း မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပြီး မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေ ပိုများလာတာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အထည်ချုပ်လုပ်ငန်းအများစုဟာ အော်ဒါအရနည်းနေတာ၊ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ကုန်ကျစရိတ်ပိုများလာတာ စတဲ့ အခက်အခဲတွေရှိနေပြီး ပြည်ပအော်ဒါအရနည်းတာကြောင့် အထည်ချုပ်ဝန်ထမ်းတချို့ဟာလည်း အချိန်ပိုမလုပ်ကိုင်ရဘဲ ဝင်ငွေလျော့နည်းလာသလို စားဝတ်နေရေးအခက်အခဲရှိလာနေတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW