ခင်ဦးပစ်ခတ်မှု လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ဘုန်းကြီးတပါး ၊ အမျိုးသမီးတယောက် သေဆုံး

အောက်တိုဘာ ၊ ၁၇ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြို့နယ် ပြည်သူ့ဆေးရုံနား ရေဦး – ခင်ဦးသွားကားလမ်းပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားလို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနက်အစောပိုင်း ၆ နာရီခွဲ ၇ နာရီလောက်မှာ ဗလီကွေ့နားမှာ ပစ်ခတ်သံတွေကြားရတယ် ၊ လုံခြုံရေးအဖွဲ့နဲ့ ဒေသတွင်းလက်ကိုင် အဖွဲ့တွေ ပစ်ကြတာလို့သိရတယ် ၊ မြို့လုံခြုံရေးအဖွဲ့ဘက်က ၂ ယောက်သေပြီး သေနတ် ၂ လက်ပါသွားတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ လမ်းသွားလမ်းလာ ဘုန်းကြီးတပါးနဲ့ အမျိုးသမီးတယောက်လည်း ကျည်ဆံထိမှန်တယ် ၊ အဲ့ဒီ ဘုန်းကြီးနဲ့ အမျိုးသမီးတယောက်လည်း သေတယ်လို့ ကြားရတယ် ၊ အခုထိတော့ မြို့ထဲ မထွက်ရဲတော့ ကြားရသေးတာပဲ ဖြစ်တယ်” လို့ ခင်ဦးမြို့ခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့ခံ အခြားတယောက်က ” လုံခြုံရေးအဖွဲ့က ၂ ယောက်လား ၊ ၃ ယောက်လား မသိသေးတယ် ၊ အခြား မိန်းကလေးတယောက်လည်း ထိမှန်သေးတယ် ၊ တချို့က ပြောတော့ ဘုန်းကြီးတပါးလည်း ပျံတော်မူတယ်လို့ မြို့ပေါ်မှာတော့ ပြောနေကြတယ် ၊ ဘယ်ဟာ အတည်ဖြစ်သလဲဆိုတာ မသိရသေးဘူး ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ခင်ဦးမြို့မှာ ဒီမနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်တယ် ၊ မိမိရဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်တာရှိတယ် ၊ အဲ့ဒီအပြင် လမ်းသွားလမ်းလာ ပြည်သူတချို့ ထိခိုက်တာလည်း ရှိတယ် ၊ ဖြစ်စဥ်က ကနဦးလောက်သိရသေးတာကြောင့် ပြောဖို့ စောပါသေးတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး လူမှုကွန်ရက်ပေါ်မှာ ဒီမနက်အစောပိုင်းက ခင်ဦး – ရေဦးသွားကားလမ်း ဆေးရုံနဲ့ မင်းသိုက်တိုက်အကြားနေရာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး ၂ ယောက်သေ ၊ သေနတ် ၂ လက်ရတယ်လို့ ရေးသားထားတာတွေ့ရပါတယ်။
ခင်ဦးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလ ဝန်းကျင်ကလည်း စျေးဝယ်ထွက်လာတဲ့ နယ်ထိန်းရဲအရာရှိ ၁ ယောက် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမေ တယောက် ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခင်ဦးမြို့နယ်ဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရှိပြီး မြို့နယ် လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းတဲ့အခါ မကြာခဏ ထိတွေ့မှုတွေဖြစ်ပွားပြီး ၂ ဘက် ထိခိုက်သေဆုံးရတာတွေရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW