တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲမျိုးစုံစျေးနူန်းတွေနဲ့ ​စျေးကွက် သုံးသပ်ချက်

 

” မတ်ပဲက စံချိန်တင်အမြင့်ဆုံးအထိ စျေးတက်လာပြီး ပဲတီစိမ်း နဲ့ ပဲစဥ်းငုံနီက စျေးတန်း ငြိမ်နေပါတယ် ၊မြေပဲ၊နှမ်း ကတော့ စျေးကျသွားပါတယ် ”

 

ရန်ကုန်၊ အောက်တိုဘာ ၂၁ – ၂၀၂၃

GG(VOM)

 

ခုတပတ်လည်း ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲက ထပ်မံမြင့်တက်လာပြီး စံချိန်တင်နူန်းထားအထိရောက်ရှိလာတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။

အလားတူ စျေးဆက်တိုက်ကျခဲ့တဲ့ ပြောင်းဆံကလည်း ခုတပတ်မှာ အနည်းငယ်ပြန်တက်လာပြီး ကုလားပဲကလည်း တက်ရိပ်ပြလာပါတယ်။

 

နှမ်းမျိုးစုံစျေးကွက်ကတော့ အရင်တပတ်က စျေးတက်ခဲ့ပေမယ့် ခုတပတ်မှာ စျေးတန်းပြန်နိမ့်ကျသွားသလို မြေပဲစျေးကွက်လည်း ကျဆင်းသွားတာတွေ့ရပါတယ်။

ပဲတီစိမ်း နဲ့ ပဲစဥ်းငုံနီ ကတော့ စျေးအတက်အကျသိပ်မရှိဘဲ စျေးတန်းငြိမ်နေပါတယ်။

 

မတ်ပဲ

မတ်ပဲက ခုတပတ်မှာ ရန်ကုန် ၊မန္တလေး၊ နယ်စျေးကွက်အားလုံးမှာ အမြင့်ဆုံးစျေးတန်းနဲ့ စံချိန်တင် စျေးတန်းဖြစ်လာပါတယ်။

 

ပြည်တွင်းမှာ မတ်ပဲက လက်ကျန်နည်းပြီး အိန္ဒိယဘက်က ပွဲတော်ကာလဖြစ်နေတာကြောင့် အဝယ်လိုက်လာလို့ စျေးတန်းကမြင့်တက် လာတာဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။

 

ရန်ကုန်ဈေးကွက်မှာဆိုရင် တစ်ပတ်အတွင်း မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ (FAQ )သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တတန်ကို ၂၇၇၀၀၀၀ ကျပ်အထိ စျေးရှိလာလို့ အရင်တပတ်နဲ့ ယှဉ်ရင် တတန်ကို ၁၂၁၀၀၀ လောက် ထပ်ပြီး စျေးပြန်တက်လာတာဖြစ်ပါတယ်။

 

မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ ကို ၂၅၅၀၀၀ ကျပ် စျေးတန်းရှိနေပါတယ်။

နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို အရင်တပတ်စျေး ၈၆၀၀၀ ကျပ်ကနေ ၉၀၃၀၀ ကျပ်အထိ စျေးတက်လာပါတယ်။

 

ဒီစျေးတန်းထက်တော့ အများကြီး ထပ်တက်မယ့်အလားအလာ မရှိနိုင်သလို အများကြီးစျေးကျမယ့်အခြေ အနေလည်း မရှိနိုင် ဘူးလို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

 

ကုလားပဲ

ခုတပတ်မှာတော့ ကုလားပဲစျေးကွက်က ရန်ကုန်စျေးကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးထပ်တက်လာတာတွေ့ရပါတယ်။

 

ကုလားပဲလုံးကို စက်ပိုင် ပဲခွဲစက်တွေနဲ့ ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုး အဖြစ်ဝယ်ယူသူတွေရှိလာတာကြောင့် စျေးတန်းကပြန်တက်လာတာဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။

 

ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိက ဖြစ်လို့ ပြည်တွင်း ဝယ်လိုအားအနည်းအများပေါ်လိုက်ပြီး စျေးကအတက်အကျရှိနေတာဖြစ်ပါတယ်။

 

ခုတပတ်ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ မှ ၄၅၈၅ ကျပ်ရှိပြီး ကုလားပဲဖြူလုံးကြီးက ၄၆၆၅ ၄၇၅၀ ကျပ်စျေးဖြစ်လာ ပါတယ်။ကုလားပဲခြမ်းက ၅၈၅၀ မှ ၆၁၀၀ ကျပ်စျေးရှိနေပါတယ်။

မန္တလေးဈေးကွက်မှာလည်း ကုလားပဲဖြူ(V2)က ၂၇၀၀၀၀ ကျပ်စျေးရှိပြီး ကုလားပဲ V7 ကလည်း ၂၈၀၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉ က ၂၆၄၀၀၀ မှ ၂၆၅၀၀၀ ကျပ် ရှိ နေ ပါတယ်။

 

ပြောင်းဆံ

ဆက်တိုက်စျေးကျလာခဲ့ ပြောင်းဆံစျေးကွက်ကတော့ ခုတပတ်မှာ ရန်ကုန်စျေးကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးအနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။

 

အဓိက ပြည်တွင်း မွေးမြူရေး အစာစပ်စက်ရုံတွေက ဝယ်ယူမှုတွေရှိလို့ စျေးတန်းကဆက်မကျဘဲ အနည်းငယ်တက်ရိပ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။

ခုတပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတပိဿာကို ၁၀၇၀ မှ ၁၀၉၀ ထိ စျေးပြန်ဖြစ်လာပြီး မန္တလေး စျေးကွက်မှာလည်း တပိဿာကို ၉၇၂ကျပ် ရှိပြီး ၄၅ ပိဿာ တအိတ်ကို ၅၂၅၀၀ ကျပ်အထိ ရှိလာပါတယ်။

 

​ပြည်တွင်းပြောင်းဆံစျေးကွက်ဟာ ထိုင်းနိုင်ငံရဲ့အခွန်ကင်းခွင့်ကာလနဲ့ တင်ပို့ခွင့်သက်တမ်းကုန်တဲ့ စက်တင်ဘာလ ပထမပတ်လောက် ကတည်းက စျေး ဆက်တိုက်ကျခဲ့တာဖြစ် ပါတယ်။

လက်ရှိမှာ စျေးကွက်ထဲကို ရှမ်းပြည်နယ်နဲ့အညာဒေသဘက်က ပြောင်းအသစ်တွေဝင်ရောက်နေ​ပေမယ့် ပြည်ပတင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်း မွေးမြူရေး လုပ်ငန်းတွေနဲ့ မွေးမြူရေး အစာစပ်စက်ရုံတွေကသာ ဝယ်ယူမှုရှိနေတာဖြစ်ပါတယ်။

 

နှမ်း

အရင်တပတ်က စျေးပြန်တက်လာနှမ်းမျိုးစုံစျေးကွက်ဟာ ခုတပတ်မှာတော့ ပြန်လည်ကျဆင်းသွားတယ်လို့ကုန်စည်ဒိုင်တွေကသိရပါတယ်။

စျေးကွက်ကို မိုးနှမ်းအသစ်တွေ ဝင်ရောက်နေပြီး ပြည်ပက အဝယ်ပြန်အေးသွားတာကြောင့် နှမ်းစျေးကွက်က ပြန်ကျသွားတာဖြစ် တယ်လို့သိရပါတယ်။

 

ခုတပတ် မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၆၀၀၀၀ မှ ၃၈၀၀၀၀ ကျပ်နဲ့ နှမ်းဖြူ ဂျပန်က ၃၇၀၀၀၀ မှ ၃၈၀၀၀ ကျပ်သာရှိလို့ ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်ပြန်ကျသွားတာတွေ့ရပါတယ်။

နှမ်းနက် စမုံကတော့ ၄၅ ပိဿာကို ၃၂၀၀၀၀ မှ ၃၄၅၀၀၀ ကျပ်စျေးရှိကာ အရင်တပတ်နဲ့ယှဥ်ရင် ၂၀၀၀၀ လောက်စျေးပြန်ကျသွားတာဖြစ်ပါတယ်။

ပြည်ပက နှမ်းကိုဝယ်ယူတဲ့အခါမှာ အက်ဆစ်အောင်တဲ့နှမ်းကိုသာ အဓိကဝယ်ယူလေ့ရှိတယ်လို့သိရပါတယ်။

 

မြေပဲ

မြေပဲစျေးကွက်ကတော့ ခုတပတ်မှာ စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။

အဓိကကတော့ စျေးကွက်ထဲကို ပဲအသစ်တွေဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်က ဝယ်ယူမှုအေးနေတာကြောင့် စျေးတန်းက ကျနေတာဖြစ်တယ်လို့သိရပါတယ်။

မြေပဲစျေးကျနေပေမယ့် ပြည်တွင်းဆီစက်တွေက အဝယ်လိုက်နေလို့ အရောင်း အဝယ်ကောင်းနေတယ်လို့သိရပါတယ်။

 

ခုတပတ်မှာ မြေပဲလုံးဆန်နီက တစ်ပိဿာကို ၇၀၀၀ ကျပ်ရှိပြီး အရင်တပတ်ကထက် ၃၀၀ ကျပ်ထပ်မံကျသွားကာ S1 ဆီဆံကလည်း အရင်တပတ်က ၆၁၀၀ ကျပ် ရှိရာမှ ခုတပတ်မှာ ၅၇၀၀ ကျပ်ကိုကျသွားပါတယ်။ မြေပဲလုံးဆန်ဖြူကလည်း ၆၁၀၀ ကျပ်သာရှိတော့လို့ အရင်တပတ်ကထက် ၅၀၀ ကျပ်ကျသွားတာတွေ့ရပါတယ်။

 

ပဲစဥ်းငုံနီ

 

ပဲစဥ်းငုံနီကတော့ ရန်ကုန်စျေးကွက် မှာ အတက်အကျမရှိဘဲ တတန်ကို ငွေကျပ်သိန်း ၄၀ နဲ့ ၇၅၀၀၀ ကျပ်နဲ့ ၃ ပတ်ဆက်တိုက် စျေးငြိမ် နေပါတယ်။

 

ပဲစဥ်းငုံနီကို ပြည်ပကလည်း အဝယ်မရှိတာကြောင့် အရောင်းအဝယ်အေးပြီးစျေးအေးနေတာဖြစ်တယ်လို့သိရပါတယ်။စျေးအေးနေပေမယ့်လည်း လက်ရှိဖြစ်နေတဲ့စျေးတန်းကအမြင့်ဆုံးနူန်းထားဖြစ်လို့ ဆက်ပြီးတက်နိုင်မယ့်အခြေအနေမရှိဘူးလို့သိရပါတယ်။

 

အရင်တပတ်မှာက မန္တလေးစျေးကွက်မှာ ပဲစဥ်းငုံနီ ပိဿာ ၆၀ တအိတ်ကို ၃၉၀၀၀၀ ကျပ်ရှိခဲ့ပေမယ့် ​ခုတပတ်မှာ ၃၈၀၀၀၀ ကျပ်သာစျေးပေါက်လို့ ၁၀၀၀၀ ကျပ်ပြန်ကျသွား ပါ​တယ်။

ပဲစဥ်းငုံနီက အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ပါတယ် ။

 

ပဲတီစိမ်း

 

ပဲတီစိမ်းကလည်း ရန်ကုန်ဈေးကွက်မှာ ၃ ပတ်ဆက်တိုက်စျေးတန်းငြိမ်နေပြီး မန္တလေးစျေးကွက်မှ စျေးကျသွား ပါတယ်။

 

ရန်ကုန်စျေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တပိဿာကို ၃၆၃၀ ကျပ် ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၄၆၅ ကျပ် နဲ့ အတက်အကျမရှိဘဲ ပဲတီစိမ်း(ဝါးခယ်မ)ကလည်း တပိဿာကို ၂၈၆၅ မှ ၃၃၀၀ ကျပ်စျေးမှာဆက်ရှိနေပါ တယ်။

 

မန္တလေးဈေးကွက်မှာတော့ အနည်းငယ်ကျရိပ်ပြလာကာ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၆၅၀၀၀ ကျပ်ရှိလို့ အရင်တပတ်ကထက် ၅၀၀၀ ပြန်ကျသွားပါတယ်။

 

မန္တလေးစျေးကွက်ကို ပဲတီစိမ်းတွေ ဝင်ရောက်နေပြီး တရုတ်ဘက်က အရည်အသွေးအပေါ်လိုက်ပြီး စျေးပေးဝယ်ယူနေတာကြောင့် စျေးတန်းက တည်ငြိမ်မှုမရှိဘဲဖြစ်နေတယ် လို့သိရပါတယ်။

 

အခုဖော်ပြပေးခဲ့တဲ့ စျေးကွက်အခြေအနေ ကတော့ အောက်တိုဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ စျေးနူန်းတွေနဲ့ စျေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW