တက်ခေတ် ဗမာ(မြန်မာ)မယ်… မွေး…

 

 

ဆူးငှက်

 

 

“စောစောအိပ်လို့၊ စောစောထလို့

စောစောလမ်းလျှောက်ကြပါစို့…”

 

 

ယခုလို ဆောင်းဦးကာလ နှင်းတွေဖြိုင်ဖြိုင်ကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေတဲ့ သီချင်းသံကိုကြားယောင်နေမိတယ်။ အခုလို ဆောင်းဦးပေါက် စနေနေ့လို ညမျိုးမှာ နောက်ရက် မနက်စောစော လမ်းလျှောက်ပွဲ ဆင်နွဲဖို့အတွက် စာရင်းကောက် လှုံ့ဆော်ပြင်ဆင်ကြတယ်။ ရပ်ကွက်ထိပ် ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုးကြီး တည်ထားပြီးအလှည့်ကျ ကင်းစောင့်ကြရမယ့် အိမ်ထောင်ဦးစီးတွေ အိမ်ဆန်အိုးထဲက ဆန်တစ်ဆုပ်တစ်ခွက် ယူလာတာပါ။

 

 

ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေတဲ့ ဒန်အိုးကြီးတစ်လုံးနဲ့ ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်တယ်။သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ…။ ၁၃ နှစ် ၁၄ နှစ်သားပေါ့…။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်…။ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနှင့်မို့ အိမ်ကလည်း စိတ်ချတယ်။

 

 

ဆန်ပြုတ်အိုးကြီး ပွက်ပွက်ဆူတော့ ရှိတဲ့ ဇလုံ၊ ပန်းကန်တွေနဲ့ အငွေ့ချောင်းချောင်းထမျှကို တဖူးဖူး မှုတ်သောက်ရတာဝနိုင်ဖွယ်မရှိပါဘူး။ ရုံတော်ကြီး နန်ကင်းအလင်းဆိုင်က အီကြာကွေးတွေ ဝယ်လာသူက ဝယ်လာတယ်။ တစ်ညလုံးနီးပါးလမ်းလျှောက်လိုက်။ မီးလှုံလိုက်၊ ဆန်ပြုတ်သောက်လိုက်၊ လက်ဖက်ရည် သောက်လိုက်နဲ့ သန်းခေါင်ကျော် နာရီပြန် ၂ ချက်လောက်ရောက်တာနဲ့ ဓမ္မာရုံက ခဏယူထားတဲ့ အသံချဲ့စက်ကြီးကို ဂျစ်ကား ဘောနက်ပေါ် တင်ပြီး အသံကို အသားကုန်တင်ကာ”ဟဲလို… တက်စတင်း၊ တက်စတင်း…။ ဝမ်း၊ တူး၊ သရီး၊ ဖိုး…”ကို ကင်းတဲရှိ လူကုန် အသံပြဲကြီးတွေနဲ့ စမ်းသပ်ကြပြီးနောက်…

“စောစော အိပ်လို့၊ စောစော ထလို့

စောစော လမ်းလျှောက်ကြပါစို့…” ဆိုတဲ့ သီချင်း ရီကော်ဒါခွေကြီးကို အပြန်ပြန် အလှန်လှန် ဖွင့်တော့တယ်။ တစ်ရပ်လုံး ကြားအောင်လည်း ဟွန်းကြီးကိုထမ်းပြီး အရပ် ရှစ်မျက်နှာ လှည့်ရသေးတယ်။ ၃ နာရီထိုးတော့ တစ်ရပ်ကွက်လုံး နိုးပြီ။ ဟိုအိမ် သည်အိမ်ကေ ချာင်းဟန့်သံတွေ ကြားလာရပြီ။ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးလေးတွေ လင်းလက်လာပြီ။ တစ်အိမ်နဲ့တစ်အိမ် လှမ်းအော်ပြီး နှိုးသံတွေ ဆူညံလာတယ်။ လက်မှတ်ထိုး စာရွက်တွေလည်း အဆင်သင့်ပြင် ထားကြတယ်။ ကင်းမှူးက သူ့တစ်အိမ်လုံးက အိမ်ထောင်စု ဇယားပေါက် နာမည်တွေကို လမ်းလျှောက်တက်ရောက် လက်မှတ်ထိုး စာရွက်မှာ စပြီး ဖြည့်သွင်းတယ်။ လသားအရွယ် ကလေးငယ်လေး နာမည်လည်း ပါနေတာမို့ မသင့်တော်ပါဘူးလေ ဟုဆိုကာ မှင်နဲ့ ကြောင်ပစ်နေတယ်။

 

မကြာမီ ရပ်ကွက်တွင်းမှ တစ်အိမ် တစ်ယောက် အနည်းဆုံး တဖွဲဖွဲ ရောက်လာပြီး လက်မှတ်ထိုးကြတာပေါ့။ ကင်းမှူးက နံနက်၄ နာရီ နောက်ဆုံး စာရင်းလက်ခံမှာတဲ့။ တနင်္လာနေ့ နံနက် သမဝါယမဆိုင် အဖွင့်မှာ ဆပ်ပြာ တစ်ဖြတ်စီကို သမဝါယမအသင်းသား စာအုပ်နဲ့ လာရောက် ထုတ်ယူကြဖို့လည်း ဆော်သြကြတယ်။

 

နံနက် ၄ နာရီထိုးတော့ ဂျစ်ကားပေါ်က အသံချဲ့စက်က “စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့” သီချင်းသံ တညံညံနဲ့ မြို့နယ်စုရပ်ကို ရပ်ကွက်သူ ရပ်ကွက်သားတွေ ဦးတည်ကြတော့တယ်။ မိကျောင်းတံတားအတက် လမ်းမီးပျက်နေတော့ မှောင်ရိပ်မှာ တချို့က အပေါ့သွား သလိုလိုနဲ့ နဝေတိမ်တောင် လုပ်နေလို့ မြို့နယ်ရုံးမှာ လူစာရင်း ထပ်စစ်ဦးမှာနော်လို့ ကင်းမှူးက တကြော်ကြော် အော်နေတယ်။ ဒီလိုနဲ့ မြို့နယ်ရုံးရှေ့မှာ ရပ်ကွက်ပေါင်းစုံ တစ်စုတစ်ဝေး ရောက်ရှိလာပြီး နံနက်၅ နာရီထိုးတာနဲ့ “စောစော အိပ်လို့၊ စောစော ထလို့၊ စောစော လမ်းလျှောက်ကြပါစို့…” ဆိုတဲ့ သီချင်းသံ ဆူညံစွာ အရှေ့ဘက်ကျုံးဆီသို့ နှင်းမှုန်မှုန်အောက် တပျော်တပါး လမ်းလျှောက်ကြတော့တယ်။

 

 

“လူကြီးတွေက မဖြစ်လို့ အိပ်ရေးပျက်ခံပြီး လိုက်ကြတာပါတော်၊ သင်းက ကလေးပီပီ အိမ်မှာ အိပ်မနေဘူး၊ တကတည်းတစ်ညလုံး မိုးလင်း” လို့ အမေက ကျွန်တော့်ကို မြည်တွန် တောက်တီးတယ်။ “ထူးပြီး လမ်းလျှောက် ရဦးမှာလားဗျာ၊ ကျုပ်ကဈေးတောင်းထမ်းပြီး မနက်တစ်ခေါက် ညနေတစ်ခေါက် တစ်မြို့လုံး လှည့်သွားနေရတာ” ဟု လည်း ဦးကြီးက ပြောပါတယ်။

ငယ်စဉ်က ဒီဇင်ဘာ လမ်းလျှောက်ကြတဲ့ အကြောင်းပါ…။

 

 

စာအုပ်တွေထဲက ဆောင်းရာသီကိုတော့ ဒီလို မှတ်သားဖူးတယ်။

 

၁၉၄၂ ခု၊ မေလ ၁ ရက်နေ့မှ ၁၉၄၅ ခု မတ်လ ၂၀ ရက်နေ့အထိ မန္တလေးကို ဂျပန်က သိမ်းပိုက်ပြီး အဝင်မှာရော အထွက်မှာပါစစ်မြေတလင်းဖြစ်ခဲ့တယ်။ မန္တလေးမှာ ရွှေနန်းကြီးကအစ မြို့ရဲ့ နေရာအတော်များများ ပြာပုံဘ၀ ရောက်ခဲ့ရတယ်။ စစ်ကြီးကြောင့် မန္တလေးရဲ့ ရုပ်ဝတ္ထုပစ္စည်း အများအပြား ပျက်စီးရတဲ့အပြင် မန္တလေးသူ မန္တလေးသားများရဲ့ စိတ်ဓာတ်များလည်း ပြိုလဲပျက်စီးခဲ့ရတယ်။ အထူးသဖြင့် လူငယ်များရဲ့ စိတ်ဓာတ် ပျက်ပြားမှုက အဆိုးရွားဆုံး ဖြစ်တယ်။

 

မီးလောင်ပြင် စစ်တလင်းမှာ အိုးအိမ်များကို ဖြစ်သလို ကုတ်ကပ် နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေးတွေကို လျစ်လျူရှုပြီး အင်္ဂလိပ်စစ်တပ်က အမွေပေးခဲ့တဲ့ အရက်၊ ဘီယာနဲ့ အပျော်အပါး လိုက်စားမှုများဖြင့်သာ ဒုစရိုက်မျိုးစုံနောက် ရေစုန်မျောပါခဲ့တဲ့ လူငယ်များချည်း ဖြစ်နေတော့တယ်။ မီးလောင် သွပ်ပြား အတွန့်အလိန်များနဲ့ ရာရာ သစ်သားတိုစများ တိုင်ထူပြီး ရွှံ့ထဲဗွက်ထဲ ရောဂါဘယ ဘေးအမျိုးမျိုးနဲ့ နေထိုင်ရပေမယ့် ညနေစောင်းတာနဲ့ ရုံတော်ကြီးကဟိုတယ်တွေ၊စားသောက်ဆိုင်တွေ၊ ယမကာဆိုင်တွေမှာ တရုန်းရုန်း စည်ကားနေတယ် ဆိုကြတယ်။

 

ဒါကြောင့် မြို့မိမြို့ဖများနဲ့ ပညာရှင်များက “ကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေးအတွက်၊ အိုးအိမ်များ ပြန်လည် ထူထောင်ရေး အတွက်၊အမျိုး ဘာသာ သာသနာ အတွက်၊ လူငယ်များ ကိုယ်လက်ကြံ့ခိုင်ရေး အတွက် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၅ ခုဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဗုဒ္ဓဘာသာ ယောက်ျားလေး ကျောင်းဝင်းကြီး အတွင်း ဆောက်လုပ်ထားတဲ့ နေသူရိန်ရုံကြီးမှာ “လူမျိုးပြန်လည် ထူထောင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ပွဲတော်”ကို ကျင်းပခဲ့တယ်။

 

 

အဲဒီမှာ ပွဲတွေနဲ့ဝေးနေတဲ့ မန္တလေးသားတွေ တခဲနက် အားပေးကြသတဲ့။ အဲဒီပွဲမှာ ကာယဗလနှင့် ကြံ့ခိုင်ရေးကိုအားပေးတဲ့သီချင်းတွေ၊ ပြဇာတ်တွေ၊ တေးသရုပ်ဖော်တွေနဲ့ ရွှေမန်းမောင်မယ်ရွေးပွဲလည်း ပါဝင်တယ်။ ယနေ့တိုင် ခေတ်စားနေတဲ့ ဆရာမြို့မငြိမ်းရဲ့ အိုလံပစ်၊ ယဉ်တစ်ကိုယ်မယ်၊ ကရဝိက်သမြူးဇစ် စတဲ့ သီချင်များမှာ အဲဒီပွဲအတွက် ရေးစပ်တီးမှုတ်ခဲ့တဲ့သီချင်းများဖြစ်တယ်လို့ မှတ်သားရပါတယ်။

 

 

ဆောင်းရာသီ များစွာ ကျော်ဖြတ်သွားခဲ့ပါပြီ။ ဟိုး… တောင်ဘက် ကျန်းမာရေး ကွက်သစ်ဆီက…။

“စွမ်းစွမ်းသန်သန်၊ လက်ရုံးထွားထွား…

ကျားမ မဟူ… ခွန်အားကြီးကျယ်…

တက်ခေတ် ဗမာမယ်… မွေး…” ဆိုတဲ့ သီချင်းသံကဖြင့် သေချာပေါက် လွင့်ပျံ့လာပါပြီ။

နှင်းတွေကတော့ ဝေမှိုင်းစွာ ကျနေဆဲပါပဲ။ မနက် စောစောမှာတော့ ချမ်းသေးတယ်။ ဒါပေမယ့် နေတစ်ဖျားရောက်တာနဲ့အပူငွေ့က ရိုက်ခတ်လာတယ်။ ကျုံးနဘေးမှာ လမ်းလျှောက်သူ၊ အေရိုးဗစ်ကစားသူ၊ ဝူရှုးကစားသူ၊ ကြက်တောင်ရိုက်သူ၊ အနှေးပြေးသူများနဲ့ စည်းကားနေရောပေါ့။ အများတကာ ကျုံးနဘေးမှာ စည်ကားနေချိန် ကျွန်တော်တို့ ရပ်ကွက်လေးက ငြိမ်သက်နေတယ်။ ငယ်စဉ်ကကြားဖူးခဲ့တဲ့ ဦးကြီးရဲ့ “ကျုပ်က ဈေးတောင်းထမ်းပြီး မနက်တစ်ခေါက်၊ ညနေတစ်ခေါက် တစ်မြို့လုံးသွားနေတာ”ဆိုတဲ့ အသံကို အဝေးဆီက နှင်းမှုန်တို့က ပါးပါးလေး သယ်ဆောင်လာလေသလား…။

 

 

ကျွန်တော်ကတော့ အိပ်ရာထဲ ကွေးကောင်းနေဆဲ၊ တက်ခေတ် ဗမာမယ်… မွေး…ကြပြီး ခွဲခွာသွားတဲ့ မိတ်ဆွေတွေ၊ကွဲကွာနေတဲ့ မိတ်ဆွေတွေကို လွမ်းဆွတ်နေဆဲ ပါ။

 

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW