ကုန်သွယ်မှုရပ်နေတဲ့ ချင်းရွှေဟော် နဲ့ ၁၀၅ မိုင်ကနေ ပစ္စည်းတင်ပို့ဖို့ ပို့ကုန်လိုက်စင်ရပြီးသူတွေကို တခြားနယ်စပ်ဂိတ်နဲ့ ပင်လယ်ရေကြောင်းကနေ ပြောင်းလဲတင်ပို့ခွင့်ပြုမယ်

 

ရန်ကုန် ၊ နိုဝင်ဘာ ၉ ၊၂၀၂၃

Shy+GG (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ကုန်သွယ်မှုရပ်ထားရတဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွေကနေတဆင့် နယ်စပ်မှတင်ပို့ဖို့ ပို့ကုန်လိုင်စင်နဲ့ သွင်းကုန်လိုင်စင်ရရှိပြီးတဲ့ကုန်ပစ္စည်းတွေကို တခြားနယ်စပ်ဂိတ်တွေနဲ့ ပင်လယ်ရေကြောင်းကပါ ပြောင်းလဲတင်ပို့ခွင့်ပြုသွားမယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနက အသိပေးလာပါတယ်။

ဒါ့ကြောင့် လက်ရှိ ကုန်သွယ်မှုရနေသေးတဲ့ မြန်မာ -တရုတ်နယ်စပ်ဂိတ် နဲ့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ တင်ပို့နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ တရုတ်မြန်မာ နယ်စပ်ဂိတ်တွေထဲမှာ တော့ တရုတ်နိုင်ငံ ယူနမ်ပြည်နယ်၊ လုံချွမ်ခရိုင်၊ ချန်းဖုန်းမြို့နယ် လားရင်း နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ် – လားရင်း နယ်စပ်ဂိတ်ကနေသာ ကုန်တင်ပို့မှုလုပ်နိုင်တဲ့အခြေအနရှိတယ်လို့သိရပါတယ်။

“လောလောဆယ်က လားရင်း – လွယ်ဂျယ်ဂိယ်ဘက်ပဲ ပိုပြီးပို့ ဖြစ်ဖို့များတယ်။ လားရင်း ဘက်ကနေရတယ်။ ဝေးဝေး မသွားချင်ဘူးဆိုရင် လားရင်း ကနေ လွယ်ဂျယ်ဘက်ပဲ ပိုလွယ်တယ်။” လို့ တရုတ်နယ်စပ် ဝမ်တိန်က နယ်စပ်ကုန်တွေကို အခွန်ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်ဂိတ်တွေကနေ ပြောင်းပြီး ကုန်သွယ်မှုလုပ်မယ်ဆိုပါက မြဂတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းတွေက ပိုအဆင်ပြေဖို့များပေမယ့် ကုန်ကျစရိတ် ပိုနိုင်တာကြောင့် အကျိုးအမြတ်ရရှိမှုအပေါ်မူတည်ပြီး လုပ်ဆောင်ရမှာဖြစ်တယ် လို့ ကုန်သည်တွေဆီကသိရပါတယ်။

” ၁၀၅ မိုင်ဘက်ကတော့ ရပ်နေတာကြာပြီလေ၊ ဝန်ထမ်းတွေလည်းတစ်ယောက်မှမရှိဘူး၊ဘာကုန်သွယ်မှုမှ အဝင်လည်းမရှိအထွက်လည်းမရှိဘူး၊ အခု တခြားနယ်စပ်ဂိတ်တွေကနေ ပို့ရတယ်ဆိုတော့လည်း မလွယ်ဘူး၊ သွားလာရေးအပိုင်းကလည်းမလွယ်ဘူး၊ ကုန်ကျမှုကလည်း ပိုနိုင်တယ် ၊ ” လို့ မူဆယ် နယ်စပ်ကုန်သယ်တစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ အောက်တိုဘာလ ၂၇ ရက်တေ့ကစပြီး ချင်းရွှေဟော်၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၊ပန်ဆိုင်း ကြူကုတ် ကုန်သွယ်ရေးစခန်း အားလုံးကနေ ကုန်သွယ်မှုတွေရပ်တန့်သွားတာ ဒီကနေ့အထိဆို ၁၄ ရက်ရှိပြီဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ခရီးလမ်းပိုင်းနဲ့ နယ်မြေ လုံခြုံရေးအခြေအနေတွေ အရ မြန်မာ- တရုတ် ကုန်သွယ်ရေးဆောင်ရွက်နေတဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှုလုပ်ဖို့ အခက်အခဲရှိတာကြောင့် ကုန်သွယ်ရေး ဦးစီးဌာနက တခြားနယ်စပ်ဂိတ်နဲ့ ပင်လယ်ရေကြာင်းကနေ ကုန်သွယ်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။

ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် ကနေ တစ်ရက်ကို အမေရိကန် ဒေါ်လာ ၂ သန်းကနေ ၃ သန်း ကြား ကုန်သွယ်မှုရှိခဲ့ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းကနေ လည်း တရက်ကိုကုန်သွယ်မှု အမေရိကန်ဒေါ်လာ နှစ်သန်းအထက်ရှိတယ်လို့သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW